ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေ စံနှုန်းညီအောင် ဘယ်လိုပုံစံမျိုး ဖြစ်သင့်လဲ - အယ်ဒီတာစကားဝိုင်း

June 1, 2016

ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေ စံနှုန်းညီအောင် ဘယ်လိုပုံစံမျိုး ဖြစ်သင့်လဲ - အယ်ဒီတာစကားဝိုင်း

ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးစနစ်ဆိုရင် ကျနော်တို့ ယန္တရားတခုမှာ အခြေခံအကျဆုံး အဆင့်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သက်တမ်းကာလကို ပြန်ကြည့်မယ်ဆိုရင် ဧည့်စာရင်း တိုင်ကြားရတဲ့ကိစ္စ၊ ဧည့်စာရင်း စစ်ဆေးခံရတဲ့ ကိစ္စဆိုရင် ကျနော်တို့ ပြည်သူပြည်သား အားလုံးက လက်မခံလိုဘဲ လက်ခံခဲ့ရတဲ့ ကာလတွေလို့ ပြောလို့ရပါတယ်။ အခုချိန်မှာတော့ လွှတ်တော်မှာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးဥပဒေ တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကို ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း ကျနော်တို့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးတာ တွေ့ရပါတယ်။ အဲဒီဆွေးနွေးချက်တွေထဲမှာ အထူးသဖြင့် ဧည့်စာရင်းတိုင်တာကို တဘက်က တပ်မတော်သား ကိုယ်စားလှယ်ကလည်း လုံခြုံရေးရှုထောင့်ကနေ ဆွေးနွေးသွားသလို အန်အယ်လ်ဒီ ကိုယ်စားလှယ်တယောက်ကလည်း ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ညီတဲ့ ဘက်ကနေ ဆွေးနွေးသွားတာ ကျနော်တို့ တွေ့ရပါတယ်။ အဲဒီတော့ ကျနော်တို့ အယ်ဒီတာစကားဝိုင်းမှာ လွှတ်တော်ကိုရောက်နေတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး တတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးတဲ့နေရာမှာ ဧရာဝတီသတင်းဌာနရဲ့ အယ်ဒီတာ ကိုကျော်စွာမိုးနဲ့ နိုင်ငံရေးဆောင်းပါးရှင် ဆရာအေးမောင်ကျော်တို့ကို ဖိတ်ကြားထားပါတယ်။ ဦးခင်သန်း (ဒီဗွီဘီ) "ဟုတ်ကဲ့၊ ခုနက ပြောတဲ့အတိုင်းပဲ ကျနော်တို့ တောက်လျှောက် အမှောင်ခေတ်လို့ ပြောရမှာပေါ့နော်။ အဲဒီခေတ်ကာလ တခုလုံးမှာ နေ့စဉ်နဲ့အမျှ ဧည့်စာရင်းတိုင်ရတဲ့ ဒုက္ခ၊ အချိန်အခါမတော် ခြင်ထောင်လှန်ပြီး ဧည့်စာရင်းစစ်ခံရတဲ့ ဒုက္ခ၊ အကုန်လုံးလည်း ကြုံခဲ့ရတာပဲ ပေါ့နော်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အငြင်းအခုံနဲ့ လွှတ်တော်မှာ ဆွေးနွေးသွားတာပေါ့နော်။ အဲတော့ ကိုကျော်စွာမိုးကို ကျနော် ပထမ မေးချင်တာက ဧည့်စာရင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဒီမိုကရေစီ အပြောင်းအလဲဖြစ်နေတဲ့ အချိန်မှာ ရှိဖို့လိုသေးလား။" ကိုကျော်စွာမိုး (အယ်ဒီတာ၊ ဧရာဝတီသတင်းဌာန) "ဒီမိုကရေစီခေတ်ပေါ့နော်၊ လက်ရှိ ဒီ ပွင့်လင်းတဲ့နိုင်ငံတွေ၊ တည်ငြိမ်တဲ့ နိုင်ငံတွေမှာ ဆိုရင်တော့ ဧည့်စာရင်းကတော့ မလိုဘူးပေါ့နော်။ နောက်တချက်ပြန်ပြီး ကျနော်တို့ သုံးသပ်ရမှာက ဒီဥပဒေက ဘယ်နှခုနှစ်ကနေစပြီး ပြဋ္ဌာန်းထားတာလဲ၊ ဘယ်သူ့အကျိုးစီးပွားအတွက် လုပ်ထားတာလဲပေါ့။ ၁၉၀၇ ခုနှစ်ကတည်းက လုပ်ထားတာ။ နှစ် ၁၀၀ ကျော်နေပြီ။ အဲခေတ်ကလည်း ဗြိတိသျှကိုလိုနီခေတ်၊ ဒါ ဗမာတွေကို ဖိနှိပ်တဲ့ခေတ်၊ အဲဒီဟာကို ကျနော်တို့ ပြန်သုံးသပ်ရမှာ။ အများပြည်သူတွေ အတွက်ကော အကျိုးရှိသလား ဒီဥပဒေက၊ ပြီးခဲ့တဲ့ စစ်အစိုးရတို့၊ မဆလ ဆိုရှယ်လစ်အစိုးရတို့ တလျှောက်လုံးမှာ ဒီလိုမျိုး ဥပဒေတွေကိုသုံးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူကို ဖိနှိပ်ဖို့ပဲလေ။ ပြောမယ်ဆို ကျနော်ကိုယ်တိုင်လည်း၊ ကျန်တဲ့သူတွေလိုပဲ ဧည့်စာရင်းနဲ့ပဲ လာစစ်ပြီး ကျနော်တို့ကို ဖမ်းခဲ့တာ။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အတွက် ဖမ်းတာလေ။ ဒီဥပဒေက ဒီချိန်ထိကို ကျနော်ထင်တယ်၊ လူတွေရဲ့ တည်ငြိမ်အေးချမ်းစွာ နေဖို့၊ စားဖို့၊ အိပ်ဖို့ အဆင့်ကိုပါ ခြောက်လှန့်နေတဲ့ ဥပဒေပေါ့။ ဒီလိုတင်တာကတော့ တဦးတည်းအနေနဲ့ကော၊ တိုင်းပြည်အတွက်ကော ကောင်းတယ်လို့ ကျနော်ထင်တယ်။ တိုင်းပြည်ရဲ့ တချို့နေရာတွေမှာ အရမ်းကို မတည်မငြိမ်ဖြစ်တယ်ဆိုရင်တော့ တနည်းတဖုံ အဲဒီနေရာကို စဉ်းစားသင့်တယ်။ ဒါမှမဟုတ် ရန်ကုန်မှာလာပြီး ဒီလောက် မြို့ကြီးပြကြီးတွေလို နေပြည်တော်တွေလိုမှာ ဘယ်ပဲသွားသွား ကျနော်တို့က နိုင်ငံသားတွေ ဖြစ်ရဲ့သားနဲ့ ဧည့်စာရင်းတိုင်နေရတာ အဓိပ္ပာယ်မရှိဘူး။ အဲဒါကတော့ ကျနော်ထင်တယ် ဥပဒေကတော့ မရှိသင့်တဲ့ ဥပဒေပဲ၊ ကြာပြီ။" ဦးခင်သန်း (ဒီဗွီဘီ) "နောက်တခုက ကျနော်တို့နိုင်ငံသားတွေ ပြင်ပနိုင်ငံ ထွက်သွားတယ်ဗျာ။ ဘယ်နိုင်ငံပဲရောက်ရောက်၊ ဘာဧည့်စာရင်းမှလည်း တင်စရာမလိုဘူး။ ဒါပေမယ့် သူများနိုင်ငံသားတွေ ကိုယ့်နိုင်ငံလာတယ်ဆိုရင် ရပ်ကွက်ထဲမှာဆိုရင် ဧည့်စာရင်းတိုင်ရတာမျိုးတို့၊ ဟိုတယ်ကလည်း တနေ့တခါလောက် သတင်းက ပို့နေရတယ်၊ ဧည့်စာရင်းကိစ္စဆိုတော့။ အဲတော့ ဧည့်စာရင်းက တကယ်ကို ပြည်သူလူထု အကုန်လုံးကိုရော ဧည့်သည်တွေကိုရော၊ မသင်္ကာစရာ လူတယောက်အနေနဲ့ အမြဲတမ်း စောင့်ကြည့်ခံနေရတဲ့ အနေအထားမျိုး ဖြစ်နေတာပေါ့။ ဟိုတနေ့က လွှတ်တော်မှာ ဆွေးနွေးတဲ့အခါကျတော့ တပ်မတော်သား ကိုယ်စားလှယ်ကတော့ ပြီးခဲ့တဲ့ ၆ နှစ်ထဲမှာ ဘင်္ဂါလီတွေမိခဲ့တဲ့ ကိစ္စမျိုးတို့၊ ဗုံးခွဲတဲ့ကိစ္စမျိုးတွေကို ထောက်ပြပြီးတော့ ရှိသင့်တယ်လို့ အဆိုကနေ ဆွေးနွေးသွားတာပေါ့။ အဲတော့ ကျနော်တို့ သိထားရသလောက်တော့ ဗုံးခွဲတာမိတာမျိုးတို့၊ ဘင်္ဂါလီတွေ မိတာမျိုးတွေက ဒါ ပြည်သူလူထု အကူအညီနဲ့ မိခဲ့တာမျိုးတွေက အများစုပေါ့။ အဲဒီအပေါ်မှာ ဆရာအေးမောင်ကျော်နဲ့ ဘယ်လိုသုံးသပ်ချင်ပါသလဲ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) "အဲဒါက အမှန်ပဲဗျ။ တကယ်တမ်းကျတော့ ဒီဥပဒေတွေက ခုနပြောသလိုပေါ့နော် လူများစုအတွက်က ဒီဥပဒေတွေက ဖိနှိပ်တဲ့ ကိရိယာကြီး ဖြစ်နေတယ်။ ခုနပြောသလို တရားခံတယောက်တလေ မိကောင်းမိမယ်ပေါ့။ ဒါပေမယ့်လို့ မြို့ကြီးတမြို့လုံးမှာ ဒီဥပဒေဖိစီးမှုက ခံနေရတယ်၊ တရားခံတယောက် မိဖို့အတွက်။ တကယ်တမ်းကျတော့ ကျနော်တို့က စုံစမ်းထောက်လှမ်းတဲ့ စနစ်တခုကို သေချာဖန်တီးထားဖို့ လိုတယ်။ ဒီဥပဒေနဲ့လုပ်တဲ့ အကျိုးသက်ရောက်မှုဟာ နှစ်ပေါင်းများစွာအတွင်းမှာ တကယ်တမ်းကျတော့ တရားခံဘယ်နှယောက် ဖမ်းမိခဲ့သလဲပေါ့။ အဲဒီတရားခံ ဖမ်းမိတာနဲ့ ခုနကပြောသလို လူပေါင်းများစွာ စိတ်ဆင်းရဲခံရတာနဲ့ ဘယ်ဟာ ကာမိသလဲပေါ့။ ဖမ်းမိတာ တယောက်နှစ်ယောက်ပဲရှိတယ်။ မမိတာလည်း အများစုပါပဲ။ တကယ်တမ်း ပြည်သူလူထုကို အားကိုးရမှာပါ။ ပြည်သူလူထုပါရင် အကုန်ဖြစ်တယ်ဗျာ။ ဆိုလိုတာက လူထုမှာ နားပေါင်း တသိန်း၊ မျက်စိပေါင်း တသိန်း အကုန်ရှိတယ်။ ကျနော်တို့ ရပ်ကွက်ထဲမှာ ကြည့်ရင်လည်း သွားလာနေတဲ့ လူတွေထဲမှာ ဆိုက်ကားဆရာတွေပဲဖြစ်ဖြစ်၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေပဲဖြစ်ဖြစ် အကုန်သိတယ်။ ဘယ်သူဘာဆိုတာ။ အဲတော့ သူတို့ကသာလျှင် တာဝန်သိစိတ်နဲ့ပေါ့ ရဲတပ်ဖွဲ့ကိုပဲဖြစ်ဖြစ်၊ အစိုးရကိုပဲဖြစ်ဖြစ် ပူးပေါင်းပြီးတော့ ပါဝင်ပေးမယ်ဆိုရင် ဒါတွေဟာ သိပ်မခက်ခဲတဲ့ ကိစ္စတွေပဲ။ အဲဒီစိတ်ဓာတ်ရှိဖို့ လိုတာပေါ့နော်။ အဲဒီစိတ်ဓာတ်ရှိဖို့က ဘာလိုလဲဆိုတော့ အစိုးရက ဒါကို မြေတောင်မြှောက်ပေးရမယ်လေ။ ကျနော်တို့က အမြဲတမ်း လူထုကို မယုံသင်္ကာနဲ့ ချဉ်းကပ်ရင် လူထုကလည်း ပါဝင်ပူးပေါင်းဖို့က ခက်တယ်။ အဲတော့ ပထမဦးဆုံး ဖြစ်သင့်တာက လူထုကိုယုံကြည်ပါ။" ကိုကျော်စွာမိုး (အယ်ဒီတာ၊ ဧရာဝတီသတင်းဌာန) "နောက်တခုက ကျနော်ထပ်ပြီးဖြည့်ချင်တာက ဒီဥပဒေထဲမှာဆိုလည်း လူဆိုးသူခိုးကို သတင်းပေးဖို့ဆိုတာ ပြောထားတယ်။ ဒါပေမယ့် ဒီဥပဒေကို ကြည့်မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို အာဏာသွားတပ်ပေးသလို ဖြစ်တယ်။ တကယ်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆိုတာ ပြည်သူကို အလုပ်အကျွေးပြုရမှာ၊ အခုက အဲလို မဟုတ်ဘဲနဲ့ သူတို့မှာ ပါဝါသွားတပ်ပေးလိုက်တဲ့သဘောတွေ အများကြီးရှိတယ်။ အဲတော့ လူမှန်ဆိုရင် ပြဿနာမရှိဘူး။ လူမမှန်တဲ့အခါကျတော့ ပြဿနာရှိတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စနစ်တခုလုံးကလည်း အဲဒီလူတွေ အကုန်လုံးကို မမှန်ကန်အောင် နေရာမှာ ထားပေးထားတာ။ သူတို့က ဒီဟာကို ကြိမ်လုံးသဖွယ် အသုံးပြုနေကြတယ်။ ဧည့်စာရင်းတိုင်တဲ့သူတွေကို ကြပ်မယ်၊ ပိုက်ဆံကောက်မယ်။ ဒါမျိုးတွေပေါ့ ပြည်သူလူထုအတွက် မလိုအပ်တဲ့ ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်တာပေါ့။" ဦးခင်သန်း (ဒီဗွီဘီ) "နောက်တခုက ကျနော်တို့ ရွေးချယ်မှုစနစ်ပေါ့နော်။ ဒီ နောက်ဆုံး တည်ဆဲဥပဒေအတိုင်းဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးကနေပြီးတော့ ရပ်မိရပ်ဖိ ငါးယောက်ရွေးတယ်။ ရပ်မိရပ်ဖိကနေပြီးတော့ ဒါ ကြီးကြပ်ရေးအဖွဲ့ လုပ်ပြီးတော့ အုပ်ချုပ်ရေးမှူးရွေးတယ်။ အဲဒီတော့ ရွေးချယ်တင်မြှောက်တဲ့ အခါမှာကျတော့လည်း ဆယ်အိမ်မှူးတွေကနေပြီးတော့ အုပ်ချုပ်ရေးမှူးရွေးတယ်။ ဆိုလိုတာက ကိုယ်နဲ့ပိုင်တဲ့ ဆယ်အိမ်စုမှူးတွေရှိနေရင် ကိုယ်က Automatic အုပ်ချုပ်ရေးမှူးဖြစ်ဖို့ သေချာသလောက်ကို ဖြစ်နေပြီ။ ဆိုလိုတာက ပြည်သူလူထုရဲ့ ကိုယ်စားပြုမှု မရှိဘူး။ အဲတော့ တကယ် ဒီဥပဒေသစ်မှာကို တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေသစ်မှာ ထူးခြားတာက ဘာလဲဆိုတော့ ရပ်ကွက်ထဲမှာ အိမ်ထောင်စုတိုင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ အိမ်ထောင်စုတိုင်း လူတယောက်ပေါ့နော်၊ မဲပေးခွင့် လမ်းဖွင့်ပေးထားတာ တွေ့ပါတယ်။ ဒီဟာတော့ ကျနော်တို့ ဆွေးနွေးတဲ့ထဲမှာ မရောက်သေးဘူး။ ဥပဒေကြမ်းမှာတော့ ပါနေပြီပေါ့။ ဒါ အင်မတန် အကောင်းဆုံးအချက်လို့ ပြောလို့ရပါပြီ။ ဒီလိုပုံစံမျိုးနဲ့ ပတ်သက်ပြီးတော့ ရွေးချယ်မှုပုံစံမျိုးနဲ့ ပတ်သက်ပြီး ကိုကျော်စွာမိုးက ဘယ်လိုမြင်လဲ။" ကိုကျော်စွာမိုး (အယ်ဒီတာ၊ ဧရာဝတီသတင်းဌာန) "ရွေးချယ်တာတော့ ကျနော်တို့က ဒီမိုကရေစီနိုင်ငံကို တကယ်သွားနေပြီ ဆိုရင်တော့ အောက်ခြေကနေပြီးတော့ သမ္မတရွေးချယ်တဲ့ အထိကတော့ တကယ့်ကို တရားမျှတတဲ့ ရွေးကောက်ပွဲစနစ်နဲ့ သွားရမှာပဲလေ။ အဲဒီနေရာမှာ ဒီမှာဆိုလည်း ပါလာပါပြီ။ အရင်တုန်းကဆို ၂၅ နှစ်ဆိုရင် ၀င်ရွေးခွင့်ရှိတယ်၊ အခုဆိုရင် ၁၈ နှစ်ရှိရင် ၀င်ရွေးခွင့်ရှိရမယ်။ ဒါမျိုးတွေက ပိုပြီးတော့ ပျော့ပျော့ပျောင်းပျောင်းဖြစ်အောင် လူငယ်တွေကိုပါ နေရာပေးတဲ့သဘောတော့ ဖြစ်တယ်ပေါ့နော်။ ဒါကတော့ ပြည်သူကကြိုက်ရင် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ရွေးကြပေါ့နော်။ ကျနော်ထင်တယ် အဲဒီတော့ ဒီမိုကရက်တစ် System ကို တကယ်ကျင့်သုံးပြီဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးတွေက ပိုတောင် အရေးကြီးဦးမယ်။ တကယ် ပြည်သူနဲ့ တသားတည်း ရှိနေရမယ်ပေါ့။ ရေမြောင်းကိစ္စကအစ၊ သူခိုးလူဆိုး ဖမ်းဆီးတဲ့ကိစ္စ အဆုံး၊ နောက်တချက်က ကျနော် ဒါတွေကို ပြန်ပြီး လေ့လာသုံးသပ်တယ်ဆိုရင် လော်စပီကာဖွင့်တဲ့ ကိစ္စမျိုးကအစ ဒီထဲမှာပါတယ်။ လော်စပီကာဆိုတာ ဘုရားပွဲပဲဖြစ်ဖြစ်၊ တရားပွဲပဲဖြစ်ဖြစ်၊ ပျော်ပွဲရွှင်ပွဲဖြစ်ဖြစ်၊ ခွင့်ပြုချက်ယူရမယ်။ ခွင့်ပြုချက်ယူပြီးမှ လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အများပြည်သူက စိတ်အနှောင့်အယှက်ဖြစ်တယ်။ တပတ်ကို ၅ ရက်၊ ၆ ရက် အလုပ်လုပ်ရတယ်။ တနေ့ကို အနည်းဆုံး ၈ နာရီ အလုပ်လုပ်ရတယ်။ အဲတော့ အိပ်ချိန်မှာ လာပြီးတော့ ဖွင့်တယ်ဆိုရင် ပြဿနာတက်နိုင်တယ်။ ဒါတွေကို ကျနော်ထင်တာ ကာကွယ်ပေးတဲ့ သဘောပဲ။" ဦးခင်သန်း (ဒီဗွီဘီ) "ဆရာအေးမောင်ကျော်ကို တခုမေးချင်တာ၊ ဒီ နောက်ဆုံးဥပဒေပေါ့နော်။ တတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေပေါ့၊ ထူးခြားတဲ့ဟာလို့ ပြောလို့ရတာက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ပညာအရည်အချင်း၊ အရင်တုန်းကတော့ ကျနော်တို့ သင့်တင့်လျောက်ပတ်တဲ့ အရည်အချင်းရှိရင် ၀င်ရွေးလို့ရတယ်လို့ ပါတယ်ပေါ့နော်။ အခု ပြင်ဆင်ချက်ထဲမှာတော့ အခြေခံပညာ အလယ်တန်းအဆင့်လို့ ပြောလို့ရတာပေါ့။ ဒါပေမယ့် ဒီအချက်က ကျနော်မြင်ပါတယ်၊ ကျနော်တို့ မြို့ကြီးပြကြီးတွေမှာ သိပ်ပြဿနာမရှိပေမယ့် တကယ့် တိုင်းရင်းသားဒေသတွေ၊ တကယ့် ဝေးလံခေါင်သီတဲ့ နေရာတွေမှာကျတော့ ဒီအချက်က သဟဇာတဖြစ်ပါ့မလား။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) "အဲဒါ ပြဿနာရှိတယ်။ အဲဒါ ကျနော်တို့က ရန်ကုန်၊ မန္တလေးလို့ ပြောနေရင်တော့ ဟုတ်တာပေါ့။ ဘွဲ့ရတဲ့သူတွေလည်း ရှိတာပဲ၊ အများကြီးပဲရှိတယ်၊ ရ၀တတို့ဘာတို့ လုပ်မယ့်ထဲမှာလေ။ ဒါပေမယ့် ကျနော်တို့တိုင်းပြည်ရဲ့ အနေအထားက သိတဲ့အတိုင်းပဲ တနေရာနဲ့တနေရာ ဖွံ့ဖြိုးမှုက အရမ်းကွာဟတယ်။ အရမ်းဆင်းရဲတဲ့ နေရာတွေရှိတယ်၊ အရမ်းဝေးလံခေါင်ဖျားတဲ့ နေရာတွေရှိတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေရှိတယ်။ တချို့တိုင်းရင်းသားတွေကျတော့ ဗမာစာကို မတတ်တာလေ။ အဓိကကတော့ စာရေးစာဖတ်တတ်ရင် ရပြီပေါ့ဗျာ တကယ်တမ်းကျတော့။ ဒါပေမယ်လို့ တခုရှိတာကတော့ တကယ်လို့ ကျနော်တို့က ခွဲချင်တယ်ဆိုရင်လည်း ဥပမာ တိုင်းတွေမှာ ဒီကိစ္စပြေလည်တယ်ဆိုရင် ပြည်နယ်တွေမှာ၊ ဝေးလံတဲ့ပြည်နယ်တွေမှာလည်း သူ သီးခြားလုပ်လို့ရတဲ့ ကိစ္စတွေရှိအောင် လုပ်ရမယ်။ ဘာလဲဆိုတော့ ခုနပြောတဲ့ ကျနော်တို့ ဇယား ၁၊ ၂၊ ၅ တို့ထဲမှာ ရှိတယ်လေ ဒါတွေက။ ဇယား ၂ မှာဆိုရင် ပြည်နယ်နဲ့ တိုင်းလွှတ်တော်တွေဟာ သူတို့လုပ်နိုင်တာတွေရှိတယ်။ လူမှုရေးတို့၊ ပညာရေးတို့ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ဒီလို သီးခြား သူတို့ထပ်ဖြည့်လို့ရတယ်။ နောက်တခုက ကျနော်တို့ တိုင်းရင်းသားရေးရာဝန်ကြီး ဆိုတာလည်း ရှိတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်တွေက သူတို့နဲ့သက်ဆိုင်တဲ့ ဥပမာ လီရှောဆိုရင် လီရှောနဲ့ဆိုင်တဲ့ ဒေသမှာရှိတဲ့ လီရှောရေးရာဝန်ကြီးက သူ ဒီဟာလုပ်လို့ရတယ်။ သူ့ထဲမှာရှိတဲ့ ရွာတွေက ရီပို့တွေကို ဘယ်လိုလုပ်မလဲ။ သတ်မှတ်ချက်နဲ့ မကိုက်ညီသော်လည်း လီရှောစာပဲ တတ်ချင်တတ်မယ်။ ကချင်ဆိုရင် ဂျိမ်းဖောစာပဲ တတ်ချင်တတ်မယ်။ ကိစ္စမရှိဘူး ဒီဟာကို သူဖြစ်အောင်လုပ်။ ဒီလို ပြဋ္ဌာန်းပြီးတော့ ပြည်နယ်တွေက လုပ်လို့ရတာတွေ ရှိပါတယ်။ ကျနော်ထင်တာကတော့ အဲလို တာဝန်ခွဲပြီး လုပ်ရမယ်ထင်တယ်။ တနိုင်ငံလုံးကို တပြေးညီသတ်မှတ်မယ်ဆိုရင် ခုနပြောတဲ့ အလယ်တန်းအဆင့်ဆိုတာ မဖြစ်နိုင်ဘူး။" ဦးခင်သန်း (ဒီဗွီဘီ) "ဒါကတော့ အားနည်းချက်လို့ပဲ ကျနော်တို့ ပြောလို့ရတာပေါ့။ နောက်တခုက ကိုကျော်စွာမိုး၊ ပြီးခဲ့တဲ့ တည်ဆဲ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးဥပဒေမှာ အများအားဖြင့် အုပ်ချုပ်ရေးမှူးတွေဟာ နာမည်ဆိုးနဲ့ တော်တော်ကို အသံထွက်တယ်။ ဒါပေမယ့် သူ နာမည်ဆိုးနဲ့ဖြစ်နေတာ သူမဟုတ်တာလုပ်တာကို သူ့ကို ဖြုတ်ချရမယ့်နည်းလမ်း မရှိဘူးဖြစ်နေတယ်။ တခုတော့ရှိပါတယ် ဒါက မြို့နယ်အုပ်ချုပ်ရေးမှူးကနေပြီးတော့ အရမ်းကိုမှ ထင်ရှားလွန်းတဲ့အခါကျတော့မှ သူ့ကို တာဝန်က ရပ်စဲတာတို့ဘာတို့ လုပ်လို့ရတယ်။ ဒါပေမယ့် တကယ်တမ်း အမြဲတမ်း အောက်ကခံနေရတဲ့ ပြည်သူလူထုအနေနဲ့ ဘာမှ အခွင့်အရေးမရှိဘူး။ ဒါတွေက ကျနော်တို့ ဒီမိုကရေစီ ဆိတ်သုဉ်းနေတယ်လို့ ပြောလို့ရတာပေါ့နော်။ ဒီလို Balance မမျှတဲ့ ကိစ္စမျိုးကို ဘယ်လိုသုံးသပ်ချက် ပေးချင်လဲ။" ကိုကျော်စွာမိုး (အယ်ဒီတာ၊ ဧရာဝတီသတင်းဌာန) "ကျနော်ထင်တယ် အဓိကတော့ ဒီဥပဒေပြင်ဆင်မှုနဲ့ တဘက်က ဆန့်ကျင်မှုတွေရှိတယ်။ တဘက်က အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေက တင်တယ်။ တဘက်က ဆန့်ကျင်တဲ့သူကတော့ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေက ဒါကိုလာပြီးတော့ ဆန့်ကျင်တယ်။ အဓိက အခြေခံက စပြောမယ်ဆိုရင်တော့ အဓိကတော့ ဆန့်ကျင်တဲ့သူတွေကတော့ အကြောက်တရားနဲ့ ဆက်ပြီးတော့ တိုင်းပြည်ကို ကြည့်နေတာကိုး။ ဒါကြောင့်မို့လည်း ပြီးခဲ့တဲ့ ဒီဥပဒေက ဒီလောက်ထိ အသက်ဝင်နေတာ အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တာကိုး။ လက်ရှိ လာမယ့်အစိုးရကတော့ အကြောက်တရားကင်းပြီးတော့ အုပ်ချုပ်မယ့် သဘောရှိတယ်။ ဒါကြောင့်မို့ ဒါကို စပြီးတော့ စဉ်းစားတာပေါ့။ ခုနလိုကိစ္စမှာလည်း ဒါပဲလေ။ ခုနပြောတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တချိန်တုန်းက တပ်မတော်အစိုးရ၊ စစ်အစိုးရရဲ့ လက်ကိုင်တုတ် တချိန်လုံး ဖြစ်ခဲ့ရတာကိုး။ Information တောင်းတာပဲဖြစ်ဖြစ်၊ အဂတိလိုက်စားမှုတွေ ဖြစ်ရင်တောင်မှပဲ သူတို့ကို ထောက်ပံ့ပေးတဲ့အတွက် လျစ်လျူရှုထားတာတွေရှိတယ်။ ဒီခေတ်မှာတော့ အကြောက်တရားကင်းကင်းနဲ့ အုပ်ချုပ်မယ့် အစိုးရအောက်မှာတော့ ဒါတွေဟာ မလိုတော့ဘူးပေါ့နော်။ ဒါတွေကို တတ်နိုင်သလောက် ဖျက်ပစ်ဖို့ပဲ လက်ရှိအစိုးရကလည်း ကြိုးစားရမှာပဲလေ။" ဦးခင်သန်း (ဒီဗွီဘီ) "နောက်တခုက ဆရာအေးမောင်ကျော်ကို မေးချင်တာ အခု ကျနော်တို့နိုင်ငံမှာ ဟိုး ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းပြီး လက်ရှိလည်း အသုံးပြုနေတာတွေလည်း ရှိတာပေါ့ဗျာ။ ဒါပေမယ့် ကိုလိုနီခေတ် ဥပဒေဆိုတိုင်းလည်း မကောင်းဘူးလို့တော့ ပြောလို့မရတာတွေ ရှိတယ်။ ကောင်းတဲ့ဟာတွေ ရှိတယ်ပေါ့နော်။ အဲတော့ ကိုလိုနီခေတ်တုန်းက အုပ်ချုပ်ခဲ့တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ပေါ့နော် အခုလက်ရှိသွားနေတဲ့ အုပ်ချုပ်ရေးစနစ် ကွာဟချက်တွေက ဘယ်လိုဟာမျိုးတွေ ရှိမလဲ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) "တကယ်တမ်းကျတော့ ခုနပြောသလိုပဲပေါ့။ ကိုလိုနီခေတ်ကတော့ အင်္ဂလိပ်အစိုးရကတော့ သူ့အတွက် အကျိုးရှိအောင် ပြဋ္ဌာန်းခဲ့တာပေါ့။ ဒါပေမယ့် အဲဒါတွေထဲမှာ ကောင်းတာတွေကလည်း အများကြီးရှိတယ်။ အားလုံး မကောင်းတာမဟုတ်ဘူး။ ဥပမာ စင်ကာပူဆိုရင် အဲဒါတွေ ကောင်းလွန်းလို့ သူက အဲဒီအုပ်ချုပ်ရေးစနစ်ကို ယူခဲ့တာပေါ့၊ ၁၉၅၉ လောက်က။ အဲဒါကို သူက မွမ်းမံပြီး သုံးလိုက်တော့ သူတို့နိုင်ငံက အုပ်ချုပ်ရေး အခု အရမ်းကောင်းတာ။ တကမ္ဘာလုံးက သူ့ကို အသိအမှတ်ပြုရတယ်။ အဲတော့ ကျနော်တို့က ဧည့်စာရင်းလိုဟာမျိုးထဲမှာ ပါတဲ့အချက်တွေက မကောင်းဘူး။ မကောင်းတာကို ကျနော်တို့က တွင်တွင်သုံးနေတယ်။ ကောင်းတာက ဘာရှိလဲဆိုတော့ မြေယာသိမ်းတဲ့ဥပဒေဆို ၁၈၉၄ က ဥပဒေ၊ အရမ်းကောင်းတာ အခုထိ ကောင်းနေတုန်းပဲ။ မြေသိမ်းမယ်ဆိုရင် သူက အဆင့်တွေရှိတယ်။ စနစ်တကျလုပ်ရမယ်ဆိုတော့ အဲဒါကျတော့ မသုံးဘူး၊ ဖယ်ထားတယ်။ ဘာလို့လဲဆိုတော့ သူက ချက်ချင်းသိမ်းချင်တာကိုး။ အဲတော့ ကျနော်တို့က ဥပဒေတွေကို အခုစိစစ်တယ်ပေါ့ဗျာ။ ကျနော်တို့ ကော်မရှင်တွေကနေ စိစစ်တယ်။ ၁၄၂ ခု ပြင်စရာရှိတယ်လို့ ပြောတယ်။ တည်ဆဲဥပဒေက ၄၀၀ ကျော်ရှိတယ်။ ၃၉၉ ခုရှိတယ်ပေါ့။ အဲဒါတွေ ကော်မရှင်က စိစစ်တာပဲရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ထပ်ပြီးတော့ ကြည့်ဖို့လိုတယ်။ ဘယ်ဟာတွေက တကယ်အသုံးတည့်တာလဲ။ ဘယ်ဟာတွေ ကောင်းတာလဲ။ ဘယ်ဟာတွေ ဆင့်ပွားပြီးတော့ သုံးသင့်သလဲပေါ့။ Modify လုပ်သင့်သလဲပေါ့။ ဒါက ခုနပြောတဲ့ ကော်မရှင်ရဲ့ သုံးသပ်ချက်တခုတည်းပဲ ရှိသေးတယ်။ ဒီဘက်ကနေပြန်ပြီးတော့ လုပ်စရာတွေ အများကြီးရှိမယ်လို့ ထင်တယ်။" ဦးခင်သန်း (ဒီဗွီဘီ) "အခုက ကျနော်တို့ ဒီမိုကရေစီစံနှုန်းနဲ့ညီအောင် အုပ်ချုပ်ရေး သွားနေကြပြီပေါ့ဗျာ။ အဲတော့ အခြေခံကျတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေး ဥပဒေမှာ စံနှုန်းနဲ့ညီအောင်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်သင့်တယ်လို့ ထင်ပါသလဲ။" ကိုကျော်စွာမိုး (အယ်ဒီတာ၊ ဧရာဝတီသတင်းဌာန) "အခု ဒါဆိုရင်ပေါ့နော်။ ၁၉၀၇ ခု ဥပဒေ၊ ဒီထဲက မလိုအပ်ဘူး။ ပြည်သူအတွက် အကျိုးမရှိဘူး ဆိုတဲ့ဟာတွေကို ဖယ်ထုတ်ဖို့ ကြိုးစားတယ်။ ဒါကလည်း တကယ်ဖယ်ထုတ်သင့်တယ်။ ကျနော် မျှော်လင့်တယ်လေ၊ တဘက်က တပ်မတော်သား ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ပြည်ထဲရေးဝန်ကြီးဌာနကဖြစ်ဖြစ် ဆန့်ကျင်ပေမယ့်လည်း ဒါတွေက မရှိသင့်တဲ့ဟာတော့ ချက်ချင်းကို ပယ်ဖျက်တာ ကောင်းတယ်။ ကျနော်တို့ ဥပဒေ ရပ်ကွက်အုပ်ချုပ်ရေးပေါ့နော်၊ ကျေးရွာအုပ်ချုပ်ရေးဥပဒေဟာ ကောင်းကောင်းမွန်မွန်ရပြီဆိုရင် အရေးကြီးဆုံး နောက်တခုက အဲဒါကို တကယ် နိစ္စဓူဝ ဘ၀မှာ ဘယ်လိုအသုံးချမလဲ၊ ဥပဒေကြီးရှိပြီးတော့ မကျင့်သုံးရင် အလကားပဲ။ ခုနက တိရစ္ဆာန်မွေးတဲ့ ကိစ္စကအစ၊ လော်စပီကာဖွင့်တဲ့ ကိစ္စတွေ၊ အကုန်လုံးပေါ့။ ဒါတွေကို တကယ်ကို ဒီပေါ်လစီကို လိုက်နာပြီး ကျင့်သုံးဖို့လိုတယ်။ အရေးကြီးဆုံးက ဥပဒေကောင်းကောင်း ပြဋ္ဌာန်းပြီးရင် ဒုတိယအချက် ဒီဟာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရော၊ ပါဝင်ပတ်သက်တဲ့ လူတွေအကုန်လုံး လိုက်နာကျင့်သုံးဖို့လိုတယ်။ အဲဒါ အရေးကြီးဆုံးလို့ထင်တယ်။ အဲဒါကတော့ နည်းနည်း ပိုခက်တယ်လို့ထင်တယ်။"
5 years Ago
Up