ရန်ပုံငွေ ထူထောင်

January 6, 2021

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ ထူထောင်

မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေအဖြစ်   နိုင်ငံတော်မှ မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နဲ့  ကျပ်သန်း ၁၀၀၀  စတင်ထည့်ဝင် ထူထောင်လိုက်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဝယ်ယူနိုင်ဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်က ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။ အဆိုပါ ဆပ်ကော်မတီကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ ( COVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်မှာ ဘဏ်အကောင့် နှစ်ခု ဖွင့်လှစ် ထားတာလို့ စီမံကိန်း၊ ဘဏ္ဍာနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ ရန်ပုံငွေအတွက် နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 မှာ နိုင်ငံတော်က မတည်ရန်ပုံငွေအဖြစ် ကျပ် ၃၃၈ ဘီလီယံလောက်နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ သန်း ၂၅၀ စတင် ထည့်သွင်းပေးထားမှာဖြစ်သလို မြန်မာငွေစာရင်းအမှတ် OA 013733 မှာလည်း နိုင်ငံတော်က မြန်မာကျပ်ငွေ သန်း ၁၀၀၀ ကို စတင်ထည့်သွင်းထားပါတယ်။ ကာကွယ်ဆေးဝယ်ယူဖို့အတွက် ပြည်တွင်းပြည်ပကနေ ပါဝင်လှူဒါန်းလိုကြတဲ့ ပြည်သူတွေအနေနဲ့ အထက်ပါ ဘဏ်စာရင်းတွေမှာ ထည့်ဝင်လှူဒါန်းနိုင်တယ်လို့လည်း အသိပေးကြေညာထားပါတယ်။
4 months Ago

June 9, 2020

လူမျိုးရေးခွဲခြားမှုနှင့် တရားမျှတမှုအတွက် Sony Music Group ကန်ဒေါ်လာသန်း ၁၀၀ ရန်ပုံငွေ ထူထောင်

နာမည်ကြီး တေးဂီတကုမ္ပဏီတခုဖြစ်တဲ့ Sony Music Group က လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးနဲ့ လူမှုဘဝ တရားမျှတမှုတွေအတွက် အမေရိကန်ဒေါ်လာသန်း ၁၀၀ ကို ရန်ပုံငွေအဖြစ် မ တည် ထူထောင်လိုက်ပါတယ်။ “လူမျိုးရေးတရားမမျှတမှုဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတခုဖြစ်လာနေပြီး ကျနော်တို့ အနုပညာရှင်တွေ၊ သီချင်းရေးဆရာနဲ့ ဆက်စပ်ပတ်သက်ရတဲ့ အသိုင်းအဝိုင်းထဲက လူတွေကြားကိုပါ သက်ရောက်မှုတွေ ရှိနေခဲ့ပါပြီ။ ကျနော်တို့အနေနဲ့ ဘယ်နေရာမှမဆို ခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်ပြီး ဒီရန်ပုံငွေတွေကို တရားမျှတမှုအတွက် ထိထိရောက်ရောက်သုံးစွဲတဲ့နေရာမှာ ပံ့ပိုးပေးသွားမယ်” လို့ ဇွန် ၅ ရက်နေ့ထုတ်ပြန်ချက်ထဲမှာ ဉက္ကဋ္ဌ ရော့ဘ်စထရင်ဂျာက ပြောပါတယ်။ အစောပိုင်းထုတ်ပြန်ချက်ထဲမှာတော့ Sony အနေနဲ့ ဒီရန်ပုံငွေတွေကို အခုလတွင်း လူမှုဘဝ တရားမျှတမှုအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ACLU ၊ Black Lives Matters ၊ NAACP ၊ Minnesota Freedom Fund ၊ The Innocence Project နဲ့ Unicorn Riot အဖွဲ့တွေကို မျှဝေလှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ လုပ်ငန်းခွင်တွင်းက ဝန်ထမ်းတွေကိုလည်း လူမျိုးရေးနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ခွဲခြားမှုမရှိတဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်းကျင်ဖြစ်လာဖို့ အကြံပေးသွားမှာဖြစ်ပြီး အတူတကွပါဝင်ခွင့်နဲ့ စုံလင်ကွဲပြားမှုရှိစွာ အလုပ် လုပ်သွားမယ်လို့ ဆိုပါတယ်။ ဒီ မ တည်ရန်ပုံငွေကိုတော့ ညီအစ်မကုမ္ပဏီဖြစ်တဲ့ Sony Pictures Entertainment နဲ့ Sony Corporation လက်အောက်ခံဌာနတွေ ပူးပေါင်းထူထောင်လိုက်တာပါ။
11 months Ago
Up