ရန်ကုန်မြစ်ကြောင်း

May 2, 2020

ရန်ကုန်မြစ်ကြောင်းတလျှောက်က သမ္ဗန်သမားများ စားဝတ်နေရေး အခက်အခဲဖြစ်နေ

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ကာလ ရန်ကုန်မြစ်ကြောင်းတလျှောက်က သမ္ဗန်စီးသူတွေ နည်းပါးသွားတာကြောင့် သမ္ဗန်သမားတွေ စားဝတ်နေရေး အခက်အခဲ ဖြစ်နေပါတယ်။  ရန်ကုန်မြစ်ကြောင်းတလျှောက် ခရီးသည်ပို့ဆောင်နေကြတဲ့ ရန်ကုန်-ဒလ သင်္ဘောတွေ၊ စက်လှေတွေ၊ သမ္ဗန်သမားတွေဟာ ရန်ကုန်-ဒလ နေ့စဉ်သွားလာနေတဲ့ ခရီးသည်တွေကို မှီခိုနေရတာပါ။  လက်ရှိ ဖြစ်ပွားနေတဲ့ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းခွင်ရပ်နားတာတွေ၊ လူ ၅ ဦးထက်ပိုမစုရ အမိန့်တွေကြောင့် ရန်ကုန်-ဒလ ခရီးစဉ်တွေ လျှော့ချခဲ့ပြီး ခရီးသည်တွေလည်း ထက်ဝက်မက လျော့ကျခဲ့တာကြောင့် သမ္ဗန်သမားတွေ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတယ်လို့ သမ္ဗန်မောင်းသူတွေက ပြောပါတယ်။ သမ္ဗန်မောင်းနှင်သူတွေဟာ ပိုင်ရှင်ဆီကနေတဆင့် နေ့တွက်ကြေးပေးပြီး ငှားရမ်းမောင်းနှင်ကြတာ ဖြစ်ပါတယ်။ သမ္ဗန်သမားတွေအနေနဲ့ ရက်သုံးဆယ်လုံး နားရက်မရှိ မောင်းနှင်နေရတာဖြစ်ပြီး နားရင် ငတ်ဖို့ပဲ ရှိတော့တယ်လို့ ရန်ကုန်-ဒလ သမ္ဗန်မောင်းသူတဦးက ပြောပါတယ်။  အရင်က သမ္ဗန်မောင်းပြီး တရက်ကို ၁ သိန်းလောက်ထိရှာနိုင်ပေမဲ့ အခုဆို ငါးထောင်ရဖို့တောင် အနိုင်နိုင်ရှာဖွေနေရတယ်လို့ ဆိုပါတယ်။ ရန်ကုန်-ဒလ ခရီးသည်စီးနင်းမှုဟာ သမ္ဗန်သမားတွေတင်မကပဲ သင်္ဘောစီးနင်းသူမှာပါ ထက်ဝက်မက နည်းပါးသွားခဲ့တာ ဖြစ်ပါတယ်။  ရောဂါဖြစ်ပွားမှာကြောက်ပေမဲ့ တနေ့လုပ်မှ တနေ့စားရတာကြောင့် ရောဂါဖြစ်လည်း မတတ်နိုင်ဘူးလို့ သမ္ဗန်မောင်းသူတဦးက DVB ကို ပြောပါတယ်။
1 year Ago
Up