ရခိုင်

June 3, 2019

ရခိုင်တွင် အေအေအဖွဲ့ အခြေစိုက်ခြင်း လုံးဝလက်မခံဟု တပ်မတော်ပြော

ရက္ခိုင့်တပ်မတော် (အေအေ) တောင်းဆိုတဲ့ ကွန်ဖက်ဒရေးရှင်းနဲ့ ရခိုင်ပြည်နယ်မှာ အခြေစိုက်တာကို လုံးဝလက်မခံဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်မှာ ဇွန်လ ၂ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောတာပါ။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက “နံပါတ် ၁ သူတို့ပြောတဲ့  ကွန်ဖက်ဒရေးရှင်း၊ ဒီကိစ္စကို ကျနော်တို့ လုံးဝလက်မခံပါဘူး။ နောက်တခုက ရခိုင်ဒေသမှာ အေအေ အခြေခံတာကို လုံးဝ လက်မခံပါဘူး၊ ဒါကတော့ တပ်မတော်ရဲ့ သဘောထားဖြစ်ပါတယ်။” တပ်မတော်အနေနဲ့ လက်ရှိမှာ တည်ငြိမ်မှုစစ်ဆင်ရေးတွေ ဆောင်ရွက်နေပြီး လုံခြုံစိတ်ချရတဲ့အခြေအနေနဲ့ ပြန်လည်တည်ဆောက်ပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၃၀၀၀၀ ကျော် တိမ်းရှောင်နေရပါတယ်။ မနေ့ကလည်း မင်းပြားမြို့နယ် ​ရွှေတမာ​ကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးခဲ့ရ ကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရပါတယ်။
2 years Ago

April 19, 2019

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘူးသီး​တောင်​ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ဧပြီ ၁၉ ရက် မနက်ပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာ ၃ ရွာက ဒေသခံတွေ ကြောက်လန့်ကာ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။ စံဂိုး​ထောင်​​ကျေးရွာက ထွက်​​ပြေးလာသူ ဦး​မောင်​သာ​ပျော့က "လက်​နက်​ကြီး​တွေ ပစ်ခတ်နေတာက နွားရုံတောင်ကျေးရွာနဲ့ တမိုင်ကျော်လောက်ဝေးကွာတဲ့ ထိပ်ထူးပေါက်ကပါ။ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေလို့ ကြောက်လန့်ကာ ထွက်ပြေးလာကြတာပါ" လို့​ ​ပြောပါတယ်​။ ထွက်​​ပြေးလာကြသူတွေကတော့ ဘူသီး​တောင်​မြို့နယ်​​တောင်​ပိုင်း စံဂိုးထောင်၊ နွားရုံတောင်နဲ့ ချရှားတောင်ကျေးရွာတွေက ကျေးရွာသူရွာသားတွေ ဖြစ်​ကြပါတယ်​။ ဧပြီ ၁၇ ရက်​​နေ့ကလည်း မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာမှာ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကျေးရွာရှိလူများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို သေနတ်​ဒဏ်​ရာ ရခဲ့တဲ့ သားဖနှစ်​ဦးကိုလည်း ဆေးရုံတင်​ထားရတယ်လို့ သိရပါတယ်။ ဧပြီ ၁၈ ရက်​​ ည​နေ ၃ နာရီ ၂၀ လောက်က ​ရ​သေ့​တောင်​မြို့နယ် အငူ​မော်​ ​မောင်​​တောကားလမ်း ​အေးရှားဝေါ ​ဆောက်​လုပ်​​ရေးရုံး လမ်း​ကွေအနီး ​ထိန်းချုပ်မိုင်း ၄ လုံး​ ပေါက်​ကွဲမှုကြောင့် ဒေသခံတွေ အငူ​မော်​​ရွာလုံးကျွတ် ဘုန်းကြီး​ကျောင်းမှာ ​ခိုလှုံခဲ့ကြရပါတယ်​။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေကြောင့် ရခိုင်စစ်ဘေးရှောင် ၂ သောင်းခွဲလောက် တိမ်းရှောင်နေကြပါတယ်။ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ဝေဟင်ကနေ ပစ်ခတ်မှုတွေလည်း ရှိနေတာမို့ ဒေသခံတွေ စိုးရိမ်တကြီး ကြောက်လန့် ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
3 years Ago
More News
Up