ရက်စက်ရမ်းကားမှု

March 29, 2021

မြန်မာစစ်တပ်၏လုပ်ရပ် ရက်စက်ရမ်းကားမှုဖြစ်ဟု အမေရိကန်သမ္မတ ဂျိူးဘိုင်ဒင်ပြော

မြန်မာနိုင်ငံမှာ အပစ်မဲ့ပြည်သူတွေကို  အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ် သတ်ဖြတ်မှုဟာ လုံးဝလက်ခံနိုင်စရာမရှိတဲ့ တရားလွန် ရက်စက်ရမ်းကားမှု ဖြစ်တယ်လို့  အမေရိကန် သမ္မတ ဂျိူးဘိုင်ဒင်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ ပြောကြားလိုက်ပါတယ်။ 

သမ္မတ ဂျိုးဘိုင်ဒင်က “ ဒါဟာ အလွန့်အလွန်ဆိုးရွားပါတယ်။ ဒါဟာ လုံးဝ ရက်စက်ရမ်းကားမှုဖြစ်တယ်။ ကျနော်ရထားတဲ့ သတင်းတွေကို အခြေခံပြီးပြောရရင် မလိုအပ်ဘဲနဲ့ လူတွေအများကြီးသေဆုံးခဲ့ရတာဟာ သိပ်ကိုဆိုးလွန်းပါတယ်”လို့  မြန်မာပြည်မှာ လတ်တလော အပြစ်မဲ့ ပြည်သူတွေသေဆုံးမှုနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။ 

မြန်မာနိုင်ငံတဝန်းမှာ မတ်လ ၂၇ ရက်က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့  တပ်တွေက ပစ်ခတ်သတ်ဖြတ်လို့  လက်နက်မဲ့ပြည်သူ အယောက် ၁၀၀ ကျော် သေဆုံးခဲ့ပြီးနောက်  ခုလို ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါကလည်း မြန်မာ့တပ်မတော်နေ့မှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ  သူတို့ကာကွယ်စောင့်ရှောက်ပါမယ်လို့ ကတိသစ္စာပြုထားတဲ့ ကလေးတွေအပါအဝင် လက်နက်မဲ့ပြည်သူတွေကို  နိုင်ငံတစ်ဝန်း သတ်ဖြတ်နေကြောင်းနဲ့ ဒီလို သွေးမြေကျမှုမှာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလှပြီး ဒီလုပ်ရပ်ဟာ  အရည်အချင်းပြည့်ဝတဲ့ တပ်မတော်တစ်ရပ် သို့မဟုတ် ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်တွေ မဟုတ်ဘူးလို့ပြောပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂရုံးကတော့ ၇၆ ကြိမ်မြောက် တပ်မတော်နေ့ကို အကြမ်းဖက်နေ့၊ ဂုဏ်ကြက်သရေ ညိုးနွမ်းဖွယ်ရာနေ့တစ်နေ့ အဖြစ် ထာဝရ မှတ်ကျောက်တင်နေတော့မှာ ဖြစ်ကြောင်းနဲ့ ကလေးငယ်တွေ အပါအဝင် လက်နက်မဲ့ ပြည်သူတွေကို  သတ်ဖြတ်နေမှုဟာ  ဖုံးကွယ်ကာကွယ်လို့  ရနိုင်မယ့် လုပ်ရပ် မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

1 month Ago
Up