ယူရိုခြေစစ်ပွဲ

March 19, 2019

ယူရိုခြေစစ်ပွဲအတွက် ပြင်သစ်လက်ရွေးစင်အသင်း စတင်လေ့ကျင့်

ကမ္ဘာ့ချန်ပီယံ ပြင်သစ်လက်ရွေးအသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို တနင်္လာနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်စ်ချမ့်ဟာ ဥရောပလိဂ်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေကို ပြန်လည်ရွေးချယ်ထားပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ ယူရိုခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမှာပါ။ ပြင်သစ်အသင်းမှာ ပေါ့ဂ်ဘာ၊ အမ်ဘာပီ၊ ဂရစ်ဇ်မန်း စတဲ့ နာမည်ကြီး ကစားသမားတွေ ပါဝင်နေပြီး လေ့ကျင့်ရေးမစခင်မှာ အသင်းပရိသတ်တွေနဲ့လည်း ဓာတ်ပုံအတူ တွဲရိုက်ခဲ့ကြပါတယ်။ ကမ္ဘာ့ချန်ပီယံ ပြင်သစ်အသင်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မော်လ်ဒိုဗာအသင်းနဲ့ လာမယ့်သောကြာနေ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အိုက်စလန်အသင်းနဲ့ အိမ်ကွင်းမှာ ဆက်ပြီး ယှဉ်ပြိုင်ကစားသွားမှာပါ။ ပြင်သစ်နည်းပြ ဒက်စ်ချမ့်ကတော့ ကမ္ဘာ့ချန်ပီယံအသင်းဖြစ်ပေမယ့် ယူရိုခြေစစ်ပွဲတွေမှာ ရုန်းကန်ရတတ်တဲ့ အစဉ်အလာ ရှိတာကြောင့် ပွဲတိုင်းကို ဂရုစိုက်ပြီး ယှဉ်ပြိုင်ကစားသွားကြဖို့ ကစားသမားတွေကို တိုက်တွန်းထားပါတယ်။
2 years Ago

အင်္ဂလန်အသင်းတွင် ဝက်စ်ပရောက်စ်နှင့် ဟတ်ဆန်အိုဒွိုင်းတို့ကို ရွေးချယ်

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ကစားသမားလေးဦး ဒဏ်ရာကြောင့် နုတ်ထွက်သွားခဲ့ပြီး နှစ်ဦး ထပ်မံခေါ်ယူလိုက်ပါတယ်။ အင်္ဂလန်အသင်းမှာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဖေဘီယန်ဒက်ဖ်၊ လော့ဖ်တပ်ချိ၊ နောက်ခံလူတွေဖြစ်တဲ့ ဂျွန်စတုန်းနဲ့ လုခ်ရှောတို့ ဒဏ်ရာတွေကြောင့် အသီးသီး နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြဆောက်ဂိတ်ကတော့ အဲဒီကစားသမားတွေရဲ့ နေရာမှာ ဆောက်သမ်တန် ကွင်းလယ်လူ ဝက်စ်ပရောက်စ်နဲ့ ချဲလ်ဆီးလူငယ်တိုက်စစ်မှူး ဟတ်ဆန်အိုဒွိုင်းတို့ကို အစားထိုး ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဦးနုတ်ထွက်သွားတဲ့ နောက်တန်းနေရာမှာတော့ ကစားသမားသစ် ထပ်မခေါ်ခဲ့ပါဘူး။ အင်္ဂလန်လက်ရွေးစင် အသင်းသားတွေဟာ တနင်္လာနေ့ကတည်းက လေ့ကျင့်မှုတွေ စတင်ပြုလုပ်ခဲ့ကြပါတယ်။ အင်္ဂလန်အသင်းမှာ အသင်းခေါင်းဆောင် ဟယ်ရီကိန်း၊ စတာလင်၊ အယ်လီ စတဲ့ အမာခံကစားသမားတွေ ပါဝင်နေသလို ဒက်စ်ကလန်ရိုက်၊ ဂျော်ဒန်ဆန်ချို စတဲ့ လူငယ်ကစားသမားတွေလည်း ရွေးချယ်ခံခဲ့ရပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့်သောကြာနေ့မှာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ချက်အသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
2 years Ago

November 16, 2015

ဟန်ဂေရီအသင်း နော်ဝေကိုနိုင်ပြီး ယူရိုခြေစစ်ပွဲအောင် (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၁၅ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ယူရိုခြေစစ်ပွဲ ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ဟန်ဂေရီက နော်ဝေကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။ ဟန်ဂေရီအသင်းအတွက် ဦးဆောင်ဂိုးကို ၁၄ မိနစ်မှာ ပရစ်စကင် (Tamas Priskin) က သွင်းယူပြီး ဒုတိယဂိုးကို ၈၃ မိနစ်မှာ နော်ဝေ ကစားသမား မားကပ်စ် ဟန်ရစ်ခ်ဆန် (Markus Henriksen) ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ နော်ဝေအတွက် တလုံးတည်းသော ချေပဂိုးကို ၈၇ မိနစ်မှာ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ မားကပ်စ် ဟန်ရစ်ခ်ဆန်ကပဲ ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ နော်ဝေက ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပေမယ့် အရှုံးပေးလိုက်ရပါတယ်။ ဟန်ဂေရီဟာ ပထမအကျော့မှာတုန်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတဲ့အတွက် နှစ်ပွဲပေါင်း ရလဒ် ၃ ဂိုး ၁ ဂိုးနဲ့ ခြေစစ်ပွဲ အောင်မြင်သွားတာပါ။ ဟန်ဂေရီအတွက်တော့ ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်မြင်တာ ဖြစ်ပါတယ်။
5 years Ago
Up