ယူကရိန်း

July 11, 2019

ယူကရိန်းနှင့် နေတိုး ကမ်းတက်မရိမ်းတပ် စစ်ရေးလေ့ကျင့်

ယူကရိန်းနဲ့ နေတိုး ကမ်းတက် မရိမ်းတပ်တွေဟာ ယူကရိန်းနိုင်ငံ တောင်ပိုင်းက ကမ်းခြေနဲ့ ပင်လယ်ပြင်တွေမှာ ဆက်ပြီး စစ်ရေးလေ့ကျင့်နေပါတယ်။ "Sea Breeze 2019" လို့ နာမည်ပေးထားတဲ့ နိုင်ငံပေါင်းစုံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၁၉ နိုင်ငံက စစ်သည် အယောက် ၃၀၀၀ ကျော်၊ စစ်သင်္ဘော ၃၃ စီးနဲ့ လေယာဉ် ၂၆ စီးတို့ ပါဝင် လေ့ကျင့်နေတာပါ။ ယူကရိန်းနိုင်ငံရဲ့ ပင်လယ်နက်ဆိပ်ကမ်းမြို့ သြဒက်စာမှာ ဇူလိုင် ၁ ရက်ကနေ ၁၂ ရက်ထိ လေ့ကျင့်နေတဲ့ စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။ တောင်ပိုင်း မီကိုလာယစ်ဗ်ဒေသက တိုက်ခိုက်ရေး သင်္ဘောပေါ်ကနေ စစ်သည်တွေ ဆင်းပြီး ရန်သူရဲ့ ခံကတုပ်ကို သိမ်းပိုက်ပုံ လေ့ကျင့်ကြတာပါ။ အမေရိကန်တပ်ဖွဲ့ဝင်တွေ၊ ယူကရိန်းကြည်းတပ်နဲ့ ကမ်းရိုးတန်းစောင့်တပ်တွေက ဒေသတွင်း လေယာဉ်ကွင်းထဲမှာ ဇူလိုင် ၉ ရက်က လေကြောင်း စစ်ရေးလေ့ကျင့်ကြပါတယ်။ လေထီးခုန်ကျွမ်းကျင်မှု၊ ဘေးကင်းရာ ရွှေ့ပြောင်းရေးနဲ့ မြေပြင်ပေါ်က ပစ်မှတ်တွေကို လေကြောင်းကနေ ပစ်ခတ်တာတွေ လေ့ကျင့်ခဲ့ပါတယ်။ ဒီလေ့ကျင့်ခန်းမှာတော့ ယူကရိန်းနဲ့ အမေရိကန်ရေတပ် စစ်လေယာဉ် ၁၃ စီးနဲ့ ရဟတ်ယာဉ် ၁၀ စီး ပါဝင်လေ့ကျင့်ခဲ့ပါတယ်။ ပင်လယ်နက်ဒေသ တည်ငြိမ်ရေး သေချာစေဖို့ မိတ်ဘက်နိုင်ငံတွေက စစ်တပ်တွေကြား စိတ်ပိုင်းဖြတ်မှုကို ထင်ထင်ရှားရှား သရုပ်ပြဖို့၊ ပေါင်းစပ်တုံ့ပြန်နိုင်စွမ်းကို အားဖြည့်ဖို့ ပူးပေါင်းစစ်ဆင်နိုင်စွမ်းနဲ့ အခြေအနေအလိုက် ပြောင်းလဲနိုင်စွမ်းကို တိုးမြှင့်ဖို့ ပုံစံထုတ် လေ့ကျင့်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2 years Ago

July 9, 2019

ယူကရိန်းသမ္မတသစ်ကို အီးယူခေါင်းဆောင်များ သွားရောက်တွေ့ဆုံ

ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဒေါ်နယ်တက်ခ်နဲ့ ယန်း ကဲလို ယွန်းကာ တို့ဟာ ဇူလိုင် ၈ ရက်နေ့က ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ရောက်လာခဲ့ကြပြီး ယူကရိန်းသမ္မတ ဇေလန်စကီနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ယူကရိန်းခရီးစဉ်မှာ ဥရောပခေါင်းဆောင်နှစ်ဦးဟာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ယူကရိန်းဒေသတွေဆီကို ငွေကြေးအကူအညီတွေနဲ့ အထောက်အပံ့တွေပေးဖို့ ကတိပြုခဲ့ကြပါတယ်။ ဒါ့အပြင် ယူကရိန်းအရှေ့ပိုင်းက ဒွန်ဘာ့တ်စ်ဒေသ ပိုမိုငြိမ်းချမ်းရေးအတွက်လည်း ရုရှားကို တိုက်တွန်းခဲ့ပါသေးတယ်။ ယူကရိန်းနိုင်ငံမှာ ရုရှားလိုလားတဲ့ သမ္မတကို ရာထူးကဖြုတ်ချပြီး ဥရောပလိုလားတဲ့ ခေါင်းဆောင်တွေကို တင်မြှောက်ခဲ့တဲ့ ၂၀၁၄ ခုနှစ် လူထုဆန္ဒပြပွဲအပြီး အီးယူဟာ ယူကရိန်းဘက်က ရပ်တည်ခဲ့တာပါ။ လွန်ခဲ့တဲ့ငါးနှစ်က ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှာ ယူကရိန်းစစ်သားတွေနဲ့ ရုရှား ကျောထောက်နောက်ခံ ပေးထားတဲ့ တပ်ဖွဲ့တွေအကြား လက်နက်ကိုင် ပဋိပက္ခအတွင်း လူပေါင်း တသောင်းသုံးထောင်ကျော် သေဆုံးခဲ့ပါတယ်။ ၂၀၁၄ မှာပဲ ယူကရိန်းပိုင်တဲ့ ခရိုင်းမီးယားဒေသကို ရုရှားက ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက် အီးယူဟာ ရုရှားအပေါ် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းဆီကို ယူရိုငွေ ဘီလျံချီ ထောက်ပံ့ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က ယူကရိန်းနဲ့ ရုရှားအကြား ပဋိပက္ခတွေ မြင့်တက်ခဲ့တဲ့ ဒွန်ဘာ့တ်စ်ဒေသရဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့ အပါအဝင် စုစုပေါင်း ယူရို ၁၁၉ သန်း ထောက်ပံ့သွားမယ်လို့ အီးယူက ကြေညာခဲ့ပါတယ်။
2 years Ago
More News
Up