ယာယီရပ်တန့်ပေးရန်

June 22, 2020

မောင်တော နယ်စပ်ကုန်သွယ်ရေး ယာယီရပ်တန့်ပေးရန် တောင်းဆို

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ခိုးဝင် ခိုးထွက် မရှိစေဖို့နဲ့ နယ်စပ်ကုန်သွယ်မှု ယာယီရပ်တန့်ပေးဖို့ ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ မောင်တောမြို့ ကရုဏာကွန်ရက်နဲ့ လူငယ်တွေ စုပေါင်းပြီး  ကမ်ပိန်းတခုပြုလုပ် တောင်းဆိုခဲ့ကြပါတယ်။ “ကျနော်တို့ အဓိက တောင်းဆိုချင်တာ မောင်တောနယ်စပ်ကုန်သွယ်မှုကတဆင့် ရောဂါပိုး မကူးစက်လာစေဖို့နဲ့ ခိုးဝင်၊ ခိုးထွက် ပြုလုပ်နေသူတွေကို အရေးယူပေးဖို့ ရည်ရွယ်ပါတယ်။ ဘာအတွက်လဲဆိုတော့ မောင်တောခရိုင်မှာ ရောဂါပိုးတွေ့ရှိသူ ၇ ဦးမှာ ၆ ဦးက ခိုးဝင်လာသူတွေ ဖြစ်နေတယ်။ အခုထိ ဘာမှအရေးယူတာ မရှိသေးဘူး။ နောက်ထပ်လည်း ဝင်ရောက်နေကြတယ်။ အခုအချိန်ထိ နယ်စပ်ကုန်သွယ်ရေး မပိတ်နိုင်သေးဘူး။ မပိတ်တော့ ဟိုဘက်နဲ့ ထိတွေ့မှုတွေ ရှိနေတယ်။ ဒါတွေကို အများသိရှိစေဖို့ ရည်ရွယ်ပါတယ်” လို့ မောင်တောမြို့ ကရုဏာကွန်ရက်ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က  ပြောပါတယ်။ ‘ခိုးဝင် ခိုးထွက် ထိန်းချုပ်ပေးပါ။ နယ်စပ်ကုန်သွယ်မှုမှ ရောဂါမပြန့်ပွားပါစေနှင့်’ စတဲ့ စာတန်းတွေ ရိုက်နှိပ်ထားတဲ့ ဆင်တူအင်္ကျီတွေ ဝတ်ဆင်ကာ မောင်တောမြို့က ပြည်သူတွေကို Mask တွေ အခမဲ့ပေးဝေပြီး ကမ်ပိန်းပြုလုပ်ခဲ့ကြတာပါ။ မောင်တောနယ်စပ်ကုန်သွယ်မှုကတော့ ဧပြီ ၁၁ ရက်နေ့ ယာယီရပ်တန့်ထားခဲ့ပြီး ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကစတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တွေ ပြန်တင်ပို့နေတာလို့ သိရပါတယ်။ မောင်တောခရိုင်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင်ပြန်လာသူ ၆ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားပြီး တဆင့်ကူးစက်သူ ၁ ဦး ရှိပါတယ်။ လင်းလက်
11 months Ago
Up