ယာယီစျေး

June 7, 2020

ချောက်မြို့၌ ယာယီစျေးအတွင်း မရောင်းဘဲ လမ်းဘေးရောင်းသူများကို အရေးယူ 

မကွေးတိုင်း ချောက်မြို့မှာ ကိုဗစ်-၁၉ ကာလ ပျံကျစျေးသည်အတွက် ယာယီဖွင့်လှစ်ပေးထားတဲ့ ဘောလုံးကွင်းအတွင်း ရွှေ့ပြောင်းမရောင်းချတဲ့ ပျံကျစျေးသည်တွေကို ပစ္စည်းသိမ်းဆည်းတာ၊ စျေးရောင်းချခွင့် ပိတ်တာတွေ ပြုလုပ်မယ်လို့ မြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးနေမန်းက ပြောပါတယ်။ “အခုလည်း ခေါ်ပြောနေတာတွေ လုပ်နေတယ်၊ မနေ့ကလည်း စစ်လို့တွေ့တဲ့ ဆိုင်သုံးဆိုင်က ပစ္စည်းတချို့ သိမ်းခဲ့တယ်။”  ချောက်မြို့မှာ ကိုဗစ်ကာလ ဧပြီလလယ်ပိုင်းက စတင်ပြီး မြို့မစျေးနဲ့ ပျံကျစျေးတန်းတွေ ပိတ်သိမ်းထားခဲ့ပြီး မေလဆန်းပိုင်းမှာ တိုင်းဒေသကြီးအစိုးရ ညွှန်ကြားချက်နဲ့ မြို့နယ်အားကစားကွင်းအတွင်းမှာ ယာယီစျေးကို ဖွင့်လှစ်ထားရှိခဲ့ကာ အချို့စျေးသည်တွေက လူသွားလာများတဲ့ လမ်းဘေးတွေ ရောင်းချတာတွေ ရှိနေတာပါ။ ယာယီစျေးအတွင်း ရောင်းချနေတဲ့ စျေးသညိတဦးက “ကျမတို့က ​ဒီထဲကို ထွက်ခိုင်းကတည်းက စည်းနဲ့ကမ်းနဲ့ သုံးပေခြားဆို ခြားတယ်၊ Mask တပ်ဆို တပ်တယ်၊ လက်ဆေးဆို ဆေးတယ်။ ဒီထဲမှာပဲ နေဆိုနေတယ်။ ဒါပေမဲ့ ဒီအထဲမှာ ရောင်းနေတဲ့ပစ္စည်းတွေက အပြင်မှာ ထွက်နေတဲ့ လူတွေဆီမှာ အကုန်ဝယ်ရနေတော့ ဒီအထဲက လူတွေက မရောင်းရဘူး” လို့ ပြောပါတယ်။ မေ ၃၀ ရက်နေ့က မြို့မစျေးကို ပြန်လည်ဖွင့်လိုက်လို့ ယာယီစျေးမှာ ရောင်းချနေသူတွေ အခက်အခဲများ ရှိလာပြီး နဂိုမူလပျံကျစျေေးနေရာမှာ စည်းကမ်းနဲ့အညီ ပြန်လည် ရောင်းချစေလိုတယ်လို့ ယာယီစျေးမှ စျေးသည်တွေက ပြောပါတယ်။ ကိုလင်း(ချောက်)
11 months Ago

April 19, 2020

COVID-19 ထိန်းချုပ်ကာကွယ်နိုင်ရန် ကျောက်ဖြူမြို့၌ ယာယီစျေးအချို့ ဖွင့်လှစ်ပေး

COVID-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်နိုင်ဖို့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့မစျေးနဲ့ ရပ်ကွက်ပျံကျဈေးအချို့ကို ပိတ်သိမ်းပြီး ယာယီစျေးတွေ ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။ ဧပြီ ၁၈ ရက်နေ့က စတင်ပြီး ကွင်းပြင်တွေမှာ ယာယီဈေးတွေ ဖွင့်လှစ်ပြီး ဆိုင်နေရာ အကျယ်အဝန်းသတ်မှတ်ကာ ရောင်းချနိုင်အောင် စီစဉ်ပေးထားတယ်လို့ ကျောက်ဖြူ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းဝင်က ပြောပါတယ်။ “COVID-19 ရောဂါလည်း ဖြစ်လာတဲ့အတွက် လူနေထူထပ်ပြီးတော့ စုစုဝေးဝေးနဲ့ မဖြစ်စေအောင် တခုရယ်၊ နောက်တခါ လူတွေ ဝယ်တဲ့အခါမှာ ရောဂါအန္တရာယ်ကင်းကင်းနဲ့ စျေးဝယ်နိုင်အောင်အတွက် ကျနော်တို့က သက်ဆိုင်ရာကွင်းတွေမှာ တဆိုင်နဲ့တဆိုင် ၆ ပေအကွာ၊ လမ်းဆိုရင် ၈ ပေအကျယ် အကွက်ရိုက်ပြီးတော့ ရောင်းချနိုင်ဖို့အတွက် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။”  ကျောက်ဖြူမြို့ပေါ်မှာ ယာယီစျေးနေရာ ၃ နေရာ သတ်မှတ်ကာ အခြေခံစားသောက်ကုန်တွေ၊ ဟင်းသီးဟင်းရွက်နဲ့ သားငါးတွေ ရောင်းချပေးနိုင်ဖို့ အဓိကထားကာလုပ်ဆောင်ပေးနေတယ်လို့ ဦးသန်းဝင်း ဆိုပါတယ်။ “မြို့မစျေးကြီးမှာတော့ ငါးဒိုင်နဲ့ အသားဒိုင်ဆိုင်တွေကို ထားပေးပါတယ်၊ နေရာကျယ်ကျယ်ဝန်းဝန်းလည်း ဖြစ်သွားတာပေါ့။ အသီးအရွက်တွေနဲ့ အခြေခံစားသောက်ကုန်တွေကိုကျတော့ နဂါးကျောင်းကွင်းမှာပဲ နေရာချပေးပါတယ်။ ရပ်ကွက်တွေမှာ ရောင်းချနေတဲ့ ပျံကျစျေးတွေဖြစ်တဲ့ ကညင်တောနဲ့၊ ကုလာဘာတောင် ပျံကျစျေးတွေကိုတော့ စိုက်ပျိုးရေးခြံကွင်းထဲမှာ နေရာပေါင်းပြီး ရောင်းချနိုင်အောင် စီစဉ်ပေးထားတာ နေရာကတော့ ၃ နေရာ ဖြစ်သွားမှာပေါ့။” နောင်နောင်
1 year Ago
More News
Up