ယာဉ်ထိန်းရဲကင်း

January 22, 2022

တာမွေမြို့နယ်က ယာဉ်ထိန်းရဲကင်း ဗုံး ၂ လုံးဆင့် ပေါက်ကွဲ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်ရှိ ယာဉ်ထိန်းရဲကင်းမှာ ဇန်နဝါရီ ၂၂ ရက် ဒီကနေ့ မနက်အစောပိုင်း ၆ နာရီလောက်က  ဗုံး ၂ လုံးဆင့်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 

ဗုံး ၂ လုံးဆက်တိုက်ဆင့်ပေါက်ကွဲခဲ့တာကြောင့် ယာဉ်ထိန်းတွေ ထိခိုက်တာ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“မနက် ၆ နာရီလောက်က ပေါက်တာ၊ တော်တော်စောသေးတယ်၊ အထဲမှာ ထိခိုက်တာမျိုးရှိနိုင်တယ်‌၊ သိပ်မကြာဘူး ဆေးရုံကားရောက်လာတယ်” လို့ မျက်မြင်တွေ့သူ တဦးက ပြောပါတယ်။ 

ဗုံးပေါက်ကွဲမှုကြောင့် CCTV Control Box ထိခိုက်ပျက်စီးခဲ့သလို လူနာတင်ယာဉ်တစီးလည်း ရောက်လာတာ တွေ့တယ်လို့ ဆိုပါတယ်။ 

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေရောက်လာပြီး လမ်းတွေကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

4 days Ago

January 14, 2022

ပုသိမ်မြို့အဝင်ရှိ ယာဉ်ထိန်းရဲကင်း ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အဝင်မှာရှိတဲ့ ယာဉ်ထိန်းရဲရုံးမှာ ဇန်နဝါရီ ၁၄ ရက် ဒီမနက် ၉ နာရီကျော်လောက် မှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။ 

ယာဉ်ထိန်းရဲကင်းဗုံးပေါက်ကွဲချိန်မှာ အထဲမှာရှိနေတဲ့ ယာဉ်ထိန်းရဲတွေနဲ့ ရဲတချို့ ကြောက်လန့်ပြီး ထွက်ပြေးတာတွေရှိတယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

“ကြားတာက အုန်းခနဲ တချက်ပဲကြားရတာ လှည့်ကြည့်တော့ အဲ့ရုံးထဲက ရဲတွေပြေးထွက်လာတာတွေ့တယ်။ မော်တော်ပီကယ်တွေလည်းပါတယ်။ တယောက်တော့ ကျန်နေခဲ့တယ်။ ထိုင်နေတာလား ထိသွားတာလားတော့ သေချာမသိဘူး”လို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။ 

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ စစ်ကောင်စီတပ်သားတွေရောက်လာပြီး လမ်းပိတ်ဆို့တာတွေပြုလုပ်ကာ ဆဲဆိုကြိမ်းမောင်ပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ယာဉ်ထိန်းရဲကင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး ထိခိုက်ကာ ကျန်ခဲ့တယ်လို့ ဒေသခံတွေပြောဆိုနေပေမယ့် ထိခိုက်မှုအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

မြို့အဝင်ယာဉ်ထိန်းရဲကင်းဗုံးပေါက်ကွဲမှုဟာ ပုသိမ်မြို့မှာ ၂၀၂၂ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ဗုံးပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။

2 weeks Ago
More News
Up