ယာဂန်ကလော့ပ်

January 5, 2021

လီဗာပူးအသင်း ပင်နယ်တီ ရရှိခဲ့သင့်ဟု ယာဂန်ကလော့ပ် ပြော

ဆာဒီယိုမာနေးဟာ ဒိုင်ဗင်ထိုးတတ်သူ မဟုတ်ကြောင်းနဲ့ လီဗာပူးအသင်းအနေနဲ့ ပင်နယ်တီတွေ ရရှိခဲ့သင့်ကြောင်း နည်းပြယာဂန်ကလော့ပ်က ပြောပါတယ်။  ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့အပြီးမှာ အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းဟာ ဒန်နီယယ်အင့်စ်ရဲ့ အစောပိုင်းသွင်းဂိုးကြောင့် ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ဆိုင်မှုမှာ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်ပါတယ်။  ဒီပွဲမှာ လီဗာပူးအသင်းအနေနဲ့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုးမရှိခဲ့ဘဲ ဆောက်သမ်တန်ဂိုးသမား ဖော်စတာဟာ ကာကွယ်မှုတစ်ကြိမ်သာ ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ရရှိခဲ့သင့်တဲ့ ပင်နယ်တီ ၂ ကြိမ်လုံးတော့ ငြင်းဆန်ခံခဲ့ရပါတယ်။ ပထမတစ်လုံးဟာ ဝစ်ချ်နယ်ဒမ်ရဲ့ ကန်ချက် ပြိုင်ဘက်ကစားသမားလက်မောင်းကို ထိခဲ့တာဖြစ်ပြီး ဒုတိယတစ်လုံးကတော့ မာနေးကို ဝေါ်ကာ ပီတာ ဧရိယာထဲမှာ အဖျက်ကြမ်းခဲ့တာပဲ ဖြစ်ပါတယ်။ မာနေးရဲ့ ဖြစ်ရပ်မှာ ရှုထောင့်မျိုးစုံက ကြည့်ခဲ့ခြင်းမရှိပေမယ့် ကလော့ပ်ကတော့ ဒါဟာ ပင်နယ်တီဖြစ်ကြောင်းနဲ့ ဆီနီဂေါတိုက်စစ်မှူးဟာ အရမ်းကို ရိုးသားမှုရှိခဲ့ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။  “မာနေး ဘောလုံးရှိနေချိန်တွေက အကောင်းဆုံးအချိန်တွေပါပဲ။ သူ့ကို ဒိုင်ဗင်ထိုးတယ်လို့ ပြောနေတဲ့သူတွေကတော့ ကမ္ဘာ့အရယ်ရဆုံး ဟာသတွေလိုပါပဲ။ သူဟာ သူ့ခြေထောက်ပေါ် ဆက်ရပ်နေဖို့ လှဲမချပစ်ဖို့ ကြိုးစားခဲ့တာပါ။ တခြားအသင်းတွေဆိုရင် ပင်နယ်တီ ရနိုင်မယ့်အခြေအနေမျိုးလည်း ၂ ကြိမ်တောင် ဖြစ်ခဲ့တာပါ။ ပထမက လက်ထိဘောပါ။ ကျနော့်ကစားသမားတွေသာ လွယ်လွယ်လေးနဲ့ လဲကျနေကြမယ်ဆိုရင် ကျနော်တို့ ဒီပွဲရော၊ နယူးကာဆယ်နဲ့ပွဲမှာရော ပင်နယ်တီတွေ ရရှိခဲ့မှာပါ။ ဝေါ်ကာပီတာက သူ့ရဲ့ဘယ်ခြေနဲ့ မာနေးကို လဲကျအောင်လုပ်ခဲ့တာပါ။ အခု ယူနိုက်တက်အသင်း ၂ နှစ်တာကာလအတွင်းရရှိခဲ့တဲ့ ပင်နယ်တီ အရေအတွက်က ကျနော် ၅ နှစ်ခွဲတာကာလအတွင်းရရှိခဲ့တာတွေထက် ပိုများနေတယ်လို့ ပြောနေသံ ကြားရပါတယ်။ ဒါဟာ ကျနော့်လိုအပ်ချက်ကြောင့်လား၊ တခြား တခုခုလား ဆိုတာတော့ မသိပါဘူး။ ဒီလိုဖြစ်ခဲ့ရင်တောင် ကျနော်တို့ စွမ်းဆောင်ရည်က ပိုကောင်းခဲ့မှာမဟုတ်ပါဘူး။ ဒီပွဲမှာ ဆောက်သမ်တန်က အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် ကျနော်တို့ကတော့ ကံမကောင်းခဲ့ပါဘူး” လို့ ကလော့ပ်က ပြောပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ လိဂ်ရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တဲ့ အာနိုးလ်ဟာ ဘောလုံးအပျက်များနေခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။
4 months Ago

January 4, 2021

ဇန်နဝါရီ အပြောင်းအရွှေ့တွင် နောက်ခံလူသစ်ခေါ်ယူရန် မသေချာဟု လီဗာပူးနည်းပြပြော

အသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေပေမယ့် အခုလအတွင်း ဗဟိုခံစစ် ကစားသမားတစ်ဦး ခေါ်ယူဖြစ်မလားဆိုတာ မသိသေးဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။ လီဗာပူးအသင်းဟာ လက်ရှိအချိန်မှာ သူတို့ရဲ့ အဓိကကျတဲ့ နောက်ခံလူ ၃ ဦးကို ဒဏ်ရာကြောင့် လက်လွှတ်ထားရပါတယ်။ သူတို့နေရာကို ကွင်းလယ်လူ ဖာဘင်ဟိုက ဖြည့်ကစားပေးနေရပြီး ခြေစွမ်းလည်း ပြနေနိုင်တာကြောင့် ကလော့ပ်က ဘရာဇီးသားနဲ့အတူ အတွေ့အကြုံမရှိသေးတဲ့ လူငယ်ကစားသမား ၂ ဦးကို အသုံးပြုသွားဖို့ မျှော်လင့်နေပုံရပါတယ်။ အသက် ၁၉ နှစ်အရွယ် ရွိုင်းဝီလီယမ်က ပြီးခဲ့တဲ့လကမှ ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ရခဲ့သလို နာသန်ဖီးလစ်ကလည်း ပရီးမီးယားလိဂ်မှာ ၃ ပွဲသာ ကစားခွင့်ရသေးပါတယ်။ ဒါ့ကြောင့် ကစားသမားဟောင်း ကာရေဂါ အပါအဝင် အများစုက လီဗာပူးအသင်းအနေနဲ့ ဒီအပြောင်းအရွှေ့မှာ နောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ တိုက်တွန်းပြောဆိုထားကြပြီး အသင်းဘက်က လာတဲ့ သတင်းတွေမှာတော့ ဇန်နဝါရီမှာ လူသစ်ခေါ်ယူမှု ကြီးကြီးမားမား ပြုလပ်နိုင်ခြေ နည်းပါးတဲ့သဘောမျိုး ပြောထားပါတယ်။  လိုင်လီအသင်းရဲ့ စတိဗ်ဘုတ်မန်းကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေဟာလည်း ပျက်ပြားသွားခဲ့ပြီ ဖြစ်ပါတယ်။ ကလော့ပ်က “ကျနော်တို့အသင်း လူစာရင်းမှာ ပြဿနာတွေအတွက် အဖြေရှိနေပေမဲ့ ကျနော်တို့ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဗဟိုနောက်ခံလူတွေနဲ့ပတ်သက်လာရင် ဒီလိုမျိုး ဖြစ်လေ့ရှိပါတယ်။ တစ်ခါ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရတယ်ဆိုရင် နောက်ပိုင်း ရပ်တန့်လို့ မရတော့ပါဘူး။ ဒါကြောင့် အပြောင်းအရွှေ့မှာ တစ်ခုခု လုပ်မလားဆိုရင် ကျနော်မသိဘူးလို့ပဲ ပြန်ဖြေရပါမယ်။ ခင်ဗျားတို့ သိတဲ့အတိုင်း ဒါဟာ အရမ်းကို ကျပ်တည်းတဲ့ အပြောင်းအရွှေ့ပဲလေ။ အသင်းအားလုံးက ပိုက်ဆံကိုင်ထားနိုင်တာမှ မဟုတ်တာ။ တစ်ခုခု လုပ်ကြည့်မယ်ဆိုတာမျိုးက အဓိပ္ပာယ်မရှိဘူး။ ဒါကြောင့် မှန်ကန်တဲ့အရာကို လုပ်ရပါမယ်။ အခုချိန်ထိတော့ ကျနော်တို့ အသင်း လူအင်အားကို သဘောကျနေဆဲပါ” လို့ ပြန်ဖြေပါတယ်။ ဒဏ်ရာပြဿနာတွေရှိနေပေမဲ့ လီဗာပူးအသင်းဟာ နှစ်သစ်မှာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ဆဲဖြစ်ပြီး တနင်္လာနေ့မှာ ကစားမယ့် ဆောက်သမ်တမ်နဲ့ပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ကွာဟချက်ကို ၃ မှတ်အထိ ဖြတ်ထားနိုင်မှာ ဖြစ်ပါတယ်။
4 months Ago
More News
Up