ယာခင်း

July 7, 2020

မကွေးမြို့နယ်အတွင်းက ယာခင်းတချို့တွင် ကျိုင်းကောင်များ ကျရောက်

မကွေးမြို့နယ်အတွင်းက ကျူချောင်းကျေးရွာက ယာခင်းတွေမှာ ကျိုင်းကောင်တွေ ကျရောက်ခဲ့တာကြောင့် ကွင်းဆင်းနှိမ်နင်းခဲ့ရတယ်လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပြောပါတယ်။ ကျိုင်းကောင်တွေဟာ ကန္တာရ ကျိုင်းကောင် မဟုတ်ဘဲ (ကော်ပီလူးဂတ်စ်) လို့ခေါ်တဲ့ ကျိုင်းကောင်အမျိုးအစားဖြစ်ပြီး တောင်သူတွေစိုက်ပျိုးထားတဲ့ ပဲနှမ်းတွေကို ဖျက်ဆီးမှုနည်းပါပြီး အဓိကအာဖြင့် ကျွန်းပင်တွေကို ဖျက်ဆီးပါတယ်လို့ မကွေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းခိုင်က ဒီဗွီဘီကို ပြောပါတယ်။ "တောင်သူတွေရဲ့ ယာခင်းစည်းရိုးပတ်လည်ကို အဲဒီကျိုင်းကောင်တွေ မလာရောက်နိုင်အောင် ဗစ်တားဆိုတဲ့ ပိုးသတ်ဆေးတွေ ပိုးသတ်ဆေးတွေ ဝေငှပေးခဲ့လို့ ပိုးကောင်တွေ သိပ်မရှိတော့ပါဘူး။ ဒါပေမဲ့ ပိုးသတ်ဆေးမဝေငှခဲ့တဲ့ ယာခင်းတွေမှာ အနည်းငယ် ကျန်နေလို့ ဒုတိယအ ကြိမ်ကွင်းဆင်းပြီး ပိုးသတ်ဆေးတွေ ထပ်မံဝေငှခဲ့ပါတယ်။” အဲဒီ ကျိုင်းကောင်တွေကျရောက်လို့ နှမ်းခင်း အနည်းငယ်ပျက်စီးသွားခဲ့တယ်လို့ ကျူချောင်းကျေးရွာ ဒေသခံတောင်သူတစ်ဦးဖြစ်တဲ့ ကိုဇော်လင်းကပြောပါတယ်။ “ပထမတော့ ကုမ္ပဏီတွေကထုတ်တဲ့ ပိုးသတ်ဆေး ၃ မျိုးဖြန်းခဲ့ပေမယ့်လည်း အဆင်မပြေလို့ စိုက်ပျိုးရေးဌာနက ဝေငှတဲ့ ဗစ်တားဆိုတဲ့ ဆေးဖြန်းမှ ပိုးကင်းစင်သွားတာ။” မကွေးမြို့နယ်အတွင်းမှာ မိုးရာသီ သီးနှံစိုက်ဧက ၃၉၀၀၀၀ နီးပါးရှိပြီး အဓိကတော့ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲနဲ့နှမ်းသီးနှံတွေကို ဦးစာပေးစိုက်ပျိုးကြတယ်လို့ သိရပါတယ်။ သတင်း-မင်းထီး
12 months Ago
Up