ယဉ်ကျေးမှုမြို့တော်တွင်း ၀စ်လစ်စလစ်ဓာတ်ပုံ ရိုက်ခဲ့သည့်စုံတွဲ ဝေဖန်မှုမြင့်တက်

May 27, 2016

ယဉ်ကျေးမှုမြို့တော်တွင်း ၀စ်လစ်စလစ်ဓာတ်ပုံ ရိုက်ခဲ့သည့်စုံတွဲ ဝေဖန်မှုမြင့်တက် (ဓာတ်ပုံ)

တရုတ်နိုင်ငံရဲ့ ခရီးသွားမြို့တော်တခုတွင်း လမ်းမတွေပေါ်မှာ ခရီးသွားစုံတွဲတတွဲဟာ ၀စ်လစ်စလစ်ဓာတ်ပုံတွေ ရိုက်ခဲ့ပြီး အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ချိန်မှာ တရုတ် အင်တာနက် အသုံးပြုသူတွေကြားမှာ ဒေါသထွက်စရာ ဖြစ်လာခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဲဒီစုံတွဲဟာ တာ့လီမြို့တွင်း လမ်းတွေထဲမှာ ၀တ်လစ်စလစ်နဲ့ ဓာတ်ပုံတွေ ရိုက်ခဲ့ပြီးနောက်မှာ ဘိုင်ယန်ဘိုင်ယန်ရှီဂျီယဟိုင်ဇူ အမည်နဲ့ ဝေဘို လူမှုကွန်ရက် စာမျက်နှာ အသုံးပြုသူတဦးက မေလ ၂၅ ရက်နေ့မှာ တင်ခဲ့တာပါ။ တာ့လီမြို့ဟာ လှပတဲ့ မြင်ကွင်း ရှုခင်းတွေနဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းဝင်ဗိသုကာ လက်ရာတွေနဲ့ ကျော်ကြားတဲ့ မြို့တမြို့ဖြစ်လို့ ခုလိုပုံတွေဟာ ဒီပုံရိပ်တွေကို ထိခိုက်စေတာမို့ သူတို့စုံတွဲကို ဝေဖန်နေကြတာပါ။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ခရိုင်ထဲက တာ့လီဘိုင်း စီရင်စုနယ်မြေဟာ တရုတ်လူငယ်အနုပညာရှင်တွေကိုရော လူငယ် ကမ္ဘာလှည့်ခရီးသည်တွေကိုပါ ဆွဲဆောင်နေတာဖြစ်ပြီး ခုလိုပုံတွေကတော့ အနုပညာအဖြစ် မသက်ရောက်စေဘဲ ညစ်ညမ်းပြီး အရိုအသေတန်တဲ့ မလေးစားတဲ့ အပြုအမူဖြစ်တယ်လို့ ရှုမြင်နေကြတာပါ။ တန်ဆန်းဂျင်အမည်နဲ့ ဝေဘို လူမှုကွန်ရက် အသုံးပြုသူတဦးက “အနုပညာဆိုတာ ဆံပင်ရှည်တွေနဲ့ တက်တူးထိုးရုံ၊ စီးကရက်သောက်ရုံ ပုံစံတွေနဲ့ ဟန်ပြသရုပ်တခုမျှသာ  မဟုတ်ပါဘူး” လို့ ဝေဖန် မှတ်ချက်ရေးခဲ့ပါတယ်။ တခြားတဦးကတော့ “တာ့လီဒေသခံတဦးအနေနဲ့ ဒီပုံတွေမြင်ရတာ ဆိုးဝါးလွန်းတယ်။ တာ့လီဟာ ကျော်ကြားတဲ့ ခရီးသွားမြို့တော်တခု ဖြစ်လာတာကို မနှစ်သက်ဘူး။ ငယ်ငယ်တုန်းကတော့ တာ့လီမှာ ခုလို လမ်းမတွေပေါ်က ရှုပ်ထွေးတဲ့ လာရောက်လည်ပတ်သူတွေနဲ့ ဆူညံသံတွေ မကြားရဘူး” လို့ ရေးခဲ့တာပါ။ တာ့လီစီရင်စုနယ်မြေ ရဲတွေကတော့ ဒီစုံတွဲရဲ့ ဓာတ်ပုံတွေဟာ တရားမ၀င် ရိုက်ကူးခဲ့တယ်လို့ ယူဆခဲ့ပါတယ်။ တရုတ်နိုင်ငံ တည်ဆဲဥပဒေအရ သူတို့ဟာ အင်တာနက်ပေါ်ကနေတဆင့် လိင်ပိုင်းဆိုင်ရာ မလျော်ကန်တဲ့ ဓာတ်ပုံတွေကို တင်ခဲ့မှုနဲ့ ၁၀ ရက်ကနေ ၁၅ ရက်အထိ အချုပ်ကျခံရမှာဖြစ်ပြီး ဒဏ်ကြေးပေးဆောင်ရမယ်လို့လည်း ဆိုပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကလည်း တိဘက်ဒေသတွင်း အဝေးပြေးလမ်းမပေါ်မှာ ကိုယ်လုံးတီးနဲ့ စက်ဘီးစီးခဲ့ပြီး အင်တာနက်စာမျက်နှာပေါ် ဓာတ်ပုံတွေ တင်ခဲ့တဲ့အတွက် ၁၀ ရက် အချုပ်ချခံခဲ့ရပါသေးတယ်။ ဓာတ်ပုံ - စီစီတီဗွီ  
5 years Ago
Up