ယင်လတ်

July 25, 2017

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ် ဘဏ်ငွေစာရင်းစာအုပ် ၁၂ အုပ် ထိန်းချုပ်ခံရ

လွန်ခဲ့တဲ့ ၅ နှစ်လောက်က ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ ယင်လတ်ရှင်နာဝပ်ရဲ့ ဘဏ်ငွေစာရင်းစာအုပ် ၁၂ အုပ်ကို ထိုင်းတရားရေးဌာနက ထိန်းချုပ်ထားလိုက်တယ်လို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ သူမ ဝန်ကြီးချုပ်ဖြစ်ခဲ့စဉ်က ဆန်စပါးအမတော်ကြေးငွေတွေနဲ့ ပတ်သက်ပြီး ဘတ်ငွေ သန်းပေါင်း ၃ သောင်း ၅ ထောင် အလွဲသုံးစားမှုမှာ အဓိကတာဝန်ရှိသူအဖြစ် ထိုင်းစစ်ကောင်စီ အစိုးရက တရားလိုလုပ်ကာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ သူမအမှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တောင်းဆိုချက်အရ ဘဏ္ဍာရေးဝန်ကြီးဌာနက သူမရဲ့ ငွေစာရင်းစာအုပ် ၁၂ အုပ်ကို ထိန်းချုပ်ထားဖို့  တရားရေးဝန်ကြီးဌာနကို ပေးပို့ခဲ့ပါတယ်။ သူမရဲ့အမှု စစ်ဆေးသက်တမ်းကာလ ၁၀ နှစ်အတွင်း တခြားပိုင်ဆိုင်မှုတွေလည်း ဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်း၊ ဒါတွေစစ်ဆေးဖို့ မြေစာရင်းဌာန၊ လာဘ်စားမှုတိုက်ဖျက်ရေးဌာနတွေကိုလည်း အကြောင်းကြားထားပြီးဖြစ်တယ်လို့  ထိုင်းတရားရေးဦးစီးဌာန ညွှန်ကြားရေးမှူး နန်းဆောင်ဝ ရင်းဝဒီ ဆုဝမ်းမုန်းခုန်းက သတင်းထောက်တွေကို ပြောပါတယ်။ ယင်လတ်ရှင်နာဝပ်ကတော့ သူမမှာ အပြစ်မရှိတဲ့အတွက် အမြင့်ဆုံး ဋီကာတရားရုံးထိ အယူခံဝင်ဖို့ ပြင်ဆင်ထားတယ်လို့ သူမရှဲုရှေ့နေက သတင်းထောက်တွေကို ပြောပါတယ်။ ဇူလိုင် ၂၄ ရက်နေ့က သူမအမှု ရုံးချိန်းမှာ သူ့ကို ထောက်ခံသူတွေ အများအပြား လာရောက်အားပေးခဲ့ပါတယ်။ သူ့ရဲ့အမှုကို လာမယ့် သြဂုတ် ၂၅ ရက်နေ့မှာ အပြီးသတ် စီရင်ချက်ချသွားမယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ ယင်လတ်ရှင်နာဝပ် ဝန်ကြီးချုပ်လက်ထက်မှာ တောင်သူလယ်သမားတွေဆီက ဆန်စပါးတွေ ဈေးကြီးပေးဝယ်ထားပြီး ပြည်ပကို ရောင်းမထွက်တဲ့အတွက် စပါးတွေ    မှိုတက်ကာ အရှုံးပေါ်ခဲ့သလို တောင်သူလယ်မားတွေကို ပေးရန်ရှိတဲ့ အမတော်ကြေးငွေ မပေးနိုင်တဲ့အတွက် ပြဿနာတက်ခဲ့ကာ သူ့လက်ထက်က စီးပွားရေးဝန်ကြီးတဦးလည်း တရားစွဲခံထားရတာ ဖြစ်ပါတယ်။
4 years Ago

June 21, 2016

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ၄၉ နှစ်ပြည့်မွေးနေ့ ကျင်းပ

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ထရာရဲ့ အသက် ၄၉ နှစ်ပြည့် မွေးနေ့ကို နေအိမ်မှာ မိသားစု၊ ရင်းနှီးတဲ့ မိတ်ဆွေတွေ၊ ဖိတ်ကြားထားတဲ့ မီဒီယာတွေနဲ့ ကျင်းပခဲ့တယ်လို့ ထိုင်းအခြေစိုက် ပီဘီအက်စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ သူဟာ ဆွိုင် ယော့သင်ပတ္ထနာ ၃ အရပ်က နေအိမ်မှာ ဘုန်းကြီး ၉ ပါးကို ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တာပါ။ မွေးနေ့မှာ ဘာဆုတောင်းသလဲဆိုတဲ့ မီဒီယာတွေရဲ့ မေးခွန်းကိုတော့ သူ့အနေနဲ့ ကျန်းမာရေးကောင်းပြီး အရာရာကို ဖြတ်သန်းသွားနိုင်ဖို့ ဆုတောင်းခဲ့တယ်လို့ ဖြေလိုက်တာပါ။ သူ့ဆီကို အစ်ကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာကလည်း ပန်းတွေပို့ခဲ့ပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ပြီး ကံကောင်းစေဖို့ ဆုတောင်းပေးခဲ့တယ်လို့ ပြောပါတယ်။ ယင်လတ်က သူ့အနေနဲ့ လက်ရှိ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကျဆင်းနေချိန်မှာ ပြည်သူတွေရဲ့ အသက်မွေးမှုဆိုင်ရာ အခက်အခဲတွေအတွက် စိုးရိမ်မိပြီး စီးပွားရေးကဏ္ဍ တိုးတက်လာဖို့ အားတက်သရော ဆောင်ရွက်နိုင်မယ့် အစိုးရ ပေါ်ထွန်းလာစေချင်တယ်လို့ ပြောလိုက်တာပါ။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မှတ်ချက်ပေးဖို့ကိုတော့ သူက မှတ်ချက် တစုံတရာမပေးဘဲ ငြင်းဆိုလိုက်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
More News
Up