မြောက်ပိုင်းအဖွဲ့

January 12, 2021

အစိုးရနှင့် မြောက်ပိုင်းအဖွဲ့များဆွေးနွေးမည့် အချိန်နှင့် နေရာ အတည်မပြုနိုင်သေး

အစိုးရနဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေအကြား ပဏာမအပစ်ရပ်ရေးကိစ္စဆွေးနွေးမယ့် အချိန်နဲ့ နေရာကို အတည်မပြုနိုင်သေးဘူးလို့ ကေအိုင်အေ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီဗွီဘီကို  ပြောပါတယ်။  ပဏာမအပစ်ရပ်ရေးကိစ္စ အစိုးရအဖွဲ့ကိုယ်စားလှယ်တွေနဲ့  ဆွေးနွေးမယ့် နေ့ရက်နဲ့နေရာကို သတ်မှတ်ဖို့ ဇန်နဝါရီ ၁၁ ရက် မနက် ၈ နာရီကနေ ညနေ ၆နာရီခွဲလောက်အထိ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြပေမယ့် အင်တာနက်အခြေအနေကြောင့် အသေးစိတ်မဆွေးနွေးနိုင်ခဲ့ သလို ဆွေးနွေးမယ့်နေရာနဲ့ အချိန်ကိုလဲ တိတိကျကျမဆုံးဖြတ်နိုင်ခဲ့ဘူးလို့  ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ အစိုးရဘက်ကတော့ အခု ဇန်နဝါရီ  ၁၆ ရက်နေ့မှာ မြစ်ကြီးနား ဒါမှမဟုတ် ကျိုင်းတုံမှာ နှစ်ဘက်တွေ့ဆုံ ဆွေးနွေးဖို့ကမ်းလှမ်းထားပြီး မြောက်ပိုင်းအဖွဲ့တွေဘက်ကလည်း ဒီလအတွင်းမှာ အမြန်ဆုံးတွေ့နိုင်ဖို့ အတွက် ကြိုးစားနေတယ်လို့ဆိုပါတယ်။  လက်ရှိကာလက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေရှိနေတဲ့ကာလဖြစ်ပြီး မြစ်ကြီးနားမှာလည်း ရောဂါကူးစက်မှု ပျံ့နှံ့ နေဆဲဖြစ်ပါတယ်။ ဒါကြောင့် သွားလာရေးအတွက် အကန့်အသတ်တွေရှိနေပြီး ကွာရန်တင်းဝင်ရမယ့်  အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားနေရတာဖြစ်တာလို့ တွေ့ဆုံမယ့်ရက်ကို အတိအကျဆုံးဖြတ်ဖို့  ခက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
8 months Ago

August 13, 2020

၂၁ ရာစု ပင်လုံညီလာခံတက်ရန် မြောက်ပိုင်းအဖွဲ့များ တရားဝင် အကြောင်းမပြန်သေး 

နေပြည်တော်မှာ အခုလအတွင်းကျင်းပမယ့်  စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံကို တက်ရောက်ဖို့အတွက် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တွေထံကနေ  တရားဝင်အကြောင်းပြန်ခြင်းမရှိသေးဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ ၂၀၁၈ခုနှစ်အတွင်းက နောက်ဆုံးပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အခု ဩဂုတ် ၁၉ ရက်နေ့က စတင်ပြီး နေပြည်တော် ရှိ MICC 1 နဲ့ MICC 2 တို့မှာ ပြုလုပ်တော့မှာပါ။ ဒီညီလာခံကို တက်ရောက်ဖို့အတွက် အေအေအဖွဲ့က လွဲပြီး ကျန်မြောက်ပိုင်းအဖွဲ့တွေကို အစိုးရဖိတ်ကြားထားခဲ့ပေမယ့် ဩဂုတ် ၁၂ ရက်အထိ KNPP တစ်ဖွဲ့ထဲသာ ညီလာခံမတက်ရောက်နိုင်ကြောင်း အကြောင်းပြန်ထားပြီး မြောက်ပိုင်းအဖွဲ့တွေဆီကတော့ တက်/မတက် မသိရသေးဘူးလို့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ “ကျနော်တို့ကို တရားဝင်စာနဲ့အကြောင်းပြန်လာတာက KNPP သူတို့မှာလည်း အခက်အခဲတွေ၊ ကိုဗစ်ကာလသူတို့ရဲ့ လျာထားချက်တွေရှိတယ်။ အဲ့တာကြောင့် KNPP အနေနဲ့ ဒီအစည်းအဝေးတော့ တက်ရောက်နိုင်ခြင်းမရှိကြောင်းဆိုပြီး ပြန်ကြားလာတာရှိတယ်။ ဒါကတော့ တရားဝင်ပြန်ကြားတာပါ။ ကျန်တဲ့အဖွဲ့တွေကတော့ ကျနော်တို့ဆီ တရားဝင် အကြောင်းပြန်တာမရှိသေးဘူး”လို့ ဩဂုတ် ၁၂ ရက်က ပြုလုပ်တဲ့ JICM အကြိုညှိနှိုင်းအစည်းအဝေးအပြီးမှာ ပြောပါတယ်။ ပင်လုံညီလာခံကိုတက်ရောက်ဖို့နဲ့ပတ်သက်ပြီး အေအေကို ဖိတ်ကြားခြင်းမရှိတာကြောင့် ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးသွားနိုင်တယ်လို့ မြောက်ပိုင်းအဖွဲ့တွေက ပြောကြားထားခဲ့ပြီး ညီလာခံ တက်/မတက်နဲ့ ပတ်သက်ပြီး ပန်ဆန်းမှာ အစည်းအဝေးတစ်ခု ပြုလုပ်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ သတင်း-ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
1 year Ago
More News
Up