မြိုင်မြို့နယ်

July 25, 2021

မြိုင်မြို့နယ်ကပြည်သူများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ (ဓာတ်ပုံ)

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ ဇူလိုင် ၂၅ ရက် မနက်ပိုင်းက ရာနဲ့ချီတဲ့ ပြည်သူတွေ ဆိုင်ကယ်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

အခြေခံပညာ အထွေထွေသပိတ်ကော်မတီနဲ့ ဒေသခံပြည်သူ ရာနဲ့ချီပူးပေါင်းပြီး ကိုဗစ်စည်းကမ်းနဲ့အညီ  ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့တာလို့ သပိတ်ကော်မတီက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်အမြစ်ဖြတ်၊ စစ်အာဏာရှင်စနစ်အလိုမရှိ စတဲ့ ကြွေးကြော်သံတွေနဲ့အတူ မြိုင်မြို့နယ် အနောက်မြောက်ပိုင်းနဲ့ အနောက်ပိုင်းဇုန်က ကျေးရွာတွေကို ရွာစဥ်အလိုက် ချီတက်ပြီး ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

မြိုင်မြို့နယ်ဒေသခံပြည်သူတွေအနေနဲ့ ဘယ်တော့မှ သွေးမအေးဘဲ အသံမတိတ်၊ အလံမလိပ်ဘဲ စစ်အာဏာရှင်ကို နေ့စဥ်ရက်ဆက် ချီတက်ဆန္ဒပြနေကြတာပါ။

6 days Ago

July 19, 2021

မြိုင်မြို့နယ်တွင် ၇၄ နှစ်ပြည့် အာဇာနည်နေ့အထိမ်းမှတ် ချီတက်အလေးပြု (ဓာတ်ပုံ)

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက ၇၄ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် ချီတက်အလေးပြုခဲ့ကြပြီး အကြမ်းဖက်စစ်အုပ်စုပြုတ်ကျရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကျဆုံးခဲ့ရတဲ့ ၇၄ နှစ်ပြည့် အာဇာနည်နေ့အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီနဲ့ အနောက်မြောက်ပိုင်းဇုန်က ပြည်သူတွေပူးပေါင်းကာ အလံတစ်ဝက်လွှင့်ထူပြီးတော့ ချီတက်အလေးပြုခဲ့သလို နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကိုလည်း အလေးပြုခဲ့ကြတယ်လို့ သပိတ်ကော်မတီဝင်တစ်ယောက်က ပြောပါတယ်။

အာဇာနည်မျိုး သေရိုးမရှိ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ကိုဗစ်ကိုလည်း ကာကွယ်မယ် စစ်အာဏာရှင်ကိုလည်း တော်လှန်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ စစ်အာဏာရှင် ပြုတ်ကျရေး ကြွေးကြော်သံတွေနဲ့အတူ ချီတက်ဆန္ဒပြခဲ့တာလို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာ မတ်လ ၁၁ ရက်နေ့က စစ်အုပ်စုက သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ အပြစ်မဲ့ပြည်သူ ၆ ယောက်ကျဆုံးခဲ့ပါတယ်။

2 weeks Ago
More News
Up