မြန်မာ့ရွေးကောက်ပွဲ

November 11, 2020

မြန်မာ့ရွေးကောက်ပွဲ တည်ငြိမ်အောင်မြင်ခဲ့ဟု ကာတာစင်တာ စောင့်ကြည့်အဖွဲ့ ထုတ်ပြန်

ကိုဗစ်ကာလမှာလုပ်ခဲ့တဲ့ ၂၀၂၀ မြန်မာ့ရွေးကောက်ပွဲဟာ တည်ငြိမ်အောင်မြင်ခဲ့ပေမဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ တချို့ဖြစ်ရပ်တွေမှာ ပွင့်လင်းမြင်သာမှုမရှိတာ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို အချိန်မီ မထုတ်ပြန်တာတွေရှိတယ်လို့ စောင့်ကြည့်လေ့လာတဲ့ ကာတာစင်တာအဖွဲ့က ထုတ်ပြန်ပါတယ်။ မဲဆွယ်ကာလမှာတော့ လူမှုကွန်ရက်ကနေ အမုန်းစကားဖြန့်ချိတာတွေရှိခဲ့တယ်လို့ နိုင်ငံပေါင်း ၁၄ နိုင်ငံကပူးပေါင်းပါဝင်တဲ့ ကာတာစင်တာ၊ နိုင်ငံတကာရွေးကောက်ပွဲ လေ့လာရေးမစ်ရှင်ကနေ  ၂၀၂၀ မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကနဦး အစီရင်ခံစာအဖြစ် နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကိုဗစ်ကို စိန်ခေါ်လုပ်ဆောင်ခဲ့တာကို ချီးကျူးလိုက်ပြီး ရွေးကောက်ပွဲအကြိုကာလမှာ အငြင်းပွားတာတွေရှိခဲ့ပေမယ့် ရွေးကောက်ပွဲနေ့မှာ မူမမှန်တဲ့ ကိစ္စကြီးကြီးမားမားနဲ့ ထူးခြားဖြစ်စဉ်တွေမရှိခဲ့ဘူးလို့ စောင့်ကြည့်သူတွေက သတင်းပို့ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းအများစုဟာ မဲဆွယ်စည်းရုံးဖို့ လူမှုကွန်ရက်ကို ပုံမှန်သုံးခဲ့ကြသလို တိုင်းရင်းသားလူနည်းစုတွေနဲ့ ဘာသာရေးလူနည်းစုတွေကို ဦးတည်တဲ့၊ အမုန်းစကားပြောတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ကြံသတင်း အများအပြားတွေ့ခဲ့ရပြီး အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကိုလည်း အမုန်းစကားတွေနဲ့ နှောင့်ယှက်တိုက်ခိုက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ ပထမအကြိမ် မဲစာရင်းကြေညာပြီးနောက် မဲဆန္ဒရှင် ၉ သိန်းခွဲကျော်ကို မဲစာရင်းမှာ ထပ်ဖြည့်ခဲ့ကြပြီး ပဋိပက္ခတွေ၊ အကြမ်းဖက်တာတွေနဲ့ ခွဲခြားဆက်ဆံတာတွေကြောင့် လူပေါင်း ၂ သန်း လောက် မဲပေးခွင့်မရခဲ့ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကြိုတင်မဲကောက်ယူတာတာ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကောင်းပေမယ့် တသမတ်တည်း မဟုတ်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ပွင့်လင်းမြင်သာမှုအားနည်းတာ တွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ကာတာစင်တာက လူတွေ့မေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ပုံ ၂ ပုံက မဲဆွယ် စည်းရုံးတာမှာ သာတူညီမျှရှိတယ်လို့ ဖြေခဲ့ကြပြီး ရုပ်မြင်သံကြားနဲ့ ရေဒီကနေ မဲဆွယ် ဟောပြောတာကို ထုတ်လွှင့်ဖို့ကတော့ စာသားတွေကို ဆန်းစစ်သုံးသပ်တာ တင်းကြပ်လွန်း တာကြောင့် ပါတီ ၁၀ ခုလောက်ဟာ မဟောပြောခဲ့ကြပါဘူး။ တချို့နေရာတွေမှာ ရွေးကောက်ပွဲမလုပ်တာကြောင့် တပ်မတော်အနေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် အရေအတွက်ရဲ့ ၃ ပုံ ၁ ပုံနေရာကိုပဲယူဖို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။ ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ရဲ့ ဆုံးဖြတ်တာကို အယူခံနိုင်ဖို့နဲ့ ဒီမိုကရေစီနည်းကျဖို့အတွက် ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ ပြင်ဆင်ဖို့လိုအပ်တယ်လို့ အကြံပြုထား ပါတယ်။ ကာတာစင်တာဟာ ကာလရှည်လေ့လာရေးအဖွဲ့ ၁၂ ဖွဲ့ဟာ တိုင်းနဲ့ပြည်နယ် ၈ ခုမှာ စောင့်ကြည့်ခဲ့ပြီး ရွေးကောက်ပွဲနေ့မှာတော့ လေ့လာသူ ၄၃ ယောက်ဟာ တိုင်းနဲ့ပြည်နယ်၁၀ ခုက မဲရုံ ၂၃၄ ရုံကို လေ့လာခဲ့ပါတယ်။       ဓာတ်ပုံ- Carter Center
9 months Ago

မြန်မာ့ရွေးကောက်ပွဲ လွတ်လပ်၊ တရားမျှတ၊ ငြိမ်းချမ်းစွာ ကျင်းပနိုင်သည့်အပေါ် ကြိုဆိုဂုဏ်ပြုဟု ရုရှားသံရုံးထုတ်ပြန် 

မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်စွာ၊ တရားမျှတစွာ၊ ငြိမ်းချမ်းစွာနဲ့ ကျင်းပနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ပြုတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံရုံးက ထုတ်ပြန် ကြေညာပါတယ်။   နိုဝင်ဘာ ၈ ရက်နေ့က မြန်မာနိုင်ငံတဝန်း  ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရုရှားဖက်ဒရေးရှင်းသံရုံရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ နိုဝင်ဘာ ၁၀ ရက်က သတင်းထုတ်ပြန်ထားတာပါ။ အဆိုပါရွေးကောက်ပွဲမှာ မြန်မာတွေ တက်တက်ကြွကြွ ပါဝင်ခြင်းအားဖြင့် ဒီမိုကရေစီနဲ့ နိုင်ငံတိုးတက်မှုအပေါ် သူတို့ရဲ့ ခိုင်မာတဲ့ ကတိကဝတ်တွေကို ထပ်လောင်းအတည်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံရုံးအနေနဲ့လည်း ဖော်ရွေဖွယ် ကောင်းလှတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် မြန်မာနိုင်ငံသားတွေနဲ့အတူ  ထပ်တူထပ်မျှဝမ်းသာ ဂုဏ်ယူတယ်လို့လည်း ရုရှားသံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  
9 months Ago

November 10, 2020

မြန်မာ့ရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်နေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အမေရိကန်နိုင်ငံအနေနဲ့ အနီးကပ်စောင့်ကြည့်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ပြောလိုက်ပါတယ်။ နိုဝင်ဘာ ၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာ သူက ခုလိုပြောလိုက်တာဖြစ်ပြီး အဲဒီထုတ်ပြန်ချက်ထဲမှာ စစ်အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ပြီးနောက်ပိုင်း ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ မြန်မာ့ရွေးကောက်ပွဲဟာ ပြိုင်ဆိုင်မှုတွေရှိနေပြီး တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရေးကြီးတဲ့ အဆင့်တဆင့်အဖြစ် အမေရိကန်နိုင်ငံအနေနဲ့ အသိအမှတ်ပြုကြောင်း ကနဦးဖော်ပြထားတာပါ။ နိုဝင်ဘာ ၈ ရက်ကျင်းပတဲ့ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အခုနှစ်မှ ပထမအကြိမ် မဲပေးခွင့်ရရှိတဲ့ လူငယ်မဲဆန္ဒရှင်တွေအပါအဝင် သန်းပေါင်းများစွာသော မြန်မာပြည်သူတွေဟာ မှန်ကန်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ခဲ့ကြပြီး လတ်တလော ကိုဗစ်-၁၉ ကပ်ဘေးနဲ့ ရင်ဆိုင်နေရချိန်မှာ စိန်ခေါ်မှုတွေကြားထဲက ခုလိုရွေးကောက်ပွဲကို ဖြစ်မြောက်အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသူတွေကို ချီးကျုးဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံရတာမျိုးမရှိဘဲ လွှတ်တော်တွင်း အမတ်နေရာတော်တော်များများမှာ စစ်တပ်က ရယူထားတာ၊ ရိုဟင်ဂျာတွေ အပါအဝင် ဆန္ဒမဲပေးနိုင်ခွင့်မရှိတဲ့ အုပ်စုတွေ ရှိနေတာ၊ တချို့သော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မဲပေးပိုင်ခွင့် ဖျက်သိမ်းခံရတာ၊ နိုင်ငံသားဖြစ်မှုနဲ့ နေထိုင်မှုဆိုင်ရာ လိုအပ်ချက်တွေကြောင့် ကိုယ်စားလှယ်လောင်း အရည်အချင်းမပြည့်မီမှုဆိုတဲ့ သတ်မှတ်ချက်တွေဟာ ပိုပြီးတော့ ဒီမိုကရေစီ နည်းလမ်းတကျ အရပ်သားအစိုးရတရပ် ဖြစ်ပေါ်လာရေးအတွက် အတားအဆီးတွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေအပေါ် ဆက်လက်ပြီးတော့ အနီးကပ်စောင့်ကြည့်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဆန္ဒမဲစာရင်းဇယားတွေကို တိကျမှန်ကန်မှုရှိအောင် လုပ်ဆောင်ကြစေဖို့နဲ့ တိုင်ကြားချက်တွေကိုလည်း ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ယုံကြည်နိုင်လောက်တဲ့ ဖြေရှင်းဆောင်ရွက်မှုတွေနဲ့ လုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလုပ်ငန်းတွေမှာ မြန်မာပြည်သူတွေရဲ့ မိတ်ဘက်နိုင်ငံအနေနဲ့ အမေရိကန်က ရှိနေကြောင်းနဲ့ အစိုးရသစ်နဲ့အတူ အားလုံးပါဝင်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဖို့၊ နိုင်ငံတဝန်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရေရှည်တည်တံ့စေဖို့နဲ့ လူ့အခွင့်အရေးနဲ့ အားလုံးအတွက် အခြေခံကျတဲ့ လွတ်လပ်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်တွေမှာပါ ဆက်လက်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။
9 months Ago
More News
Up