မြန်မာအရေးဆန္ဒပြ

June 13, 2021

G7 ထိပ်သီးအစည်းအဝေးအပြင်ဘက်တွင် မြန်မာအရေးဆန္ဒပြ

ယူကေနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့အချမ်းသာဆုံးစက်မှုများ G7  ထိပ်သီးအစည်းအဝေး ဒုတိယနေ့မှာ ကွန်းဝဲလ်မြို့ရဲ့ လမ်းတွေပေါ်မှာ ထောင်နဲ့ချီတဲ့ စုဝေးသူတွေဟာ မြန်မာ့အရေး အပါအဝင် တခြား အကြောင်းအရာတွေအတွက် အစုလိုက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြအုပ်စုတွေဟာ G7 ထိပ်သီးအစည်းအဝေးရဲ့ မီဒီယာအခြေစိုက်စခန်းမှ မီတာ ၅၀၀ လောက် ကွာဝေးတဲ့   Church Street ကားရပ်နားရာနေရာမှာ စုရုံးခဲ့ကြပြီး မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး တပ်လှန့်အချက်ပေးတဲ့ ဆန္ဒပြသူ ၁၀၀၀ ကျော်ကလည်း  သီးခြားစုရုံးချီတက် ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာအရေး ဆန္ဒပြသူတွေကတော့ သီချင်းတွေ သီဆိုခဲ့ကြပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ်ရေး” နဲ့ “G7 နိုင်ငံများက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု စိုးမိုးမှုကို ဖြိုခွင်းပေး” စတဲ့ စာတန်းတွေနဲ့ ပိုစတာတွေကို ကိုင်မြှောက် ဆန္ဒပြခဲ့ကြတာပါ။

Extinction Rebellion အဖွဲ့ဝင်တွေနဲ့ ထောက်ခံသူတွေကတော့ အတီးအမှုတ်တွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့တာပါ။  တခြား လူတထောင်ကျော်အုပ်စုကတော့ အီသီယိုးပီးယားနိုင်ငံ တီဂရေးဒေသက အကျပ်အတည်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။

အီသီယိုးပီးယားဝန်ကြီးချုပ်ကိုလည်း လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စွပ်စွဲပြီး ရာဇဝတ်ကောင်ကို အရေးယူပေးဖို့ ဆိုပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ 

ကမ္ဘာတဝန်း လုံးဝမျှတမှုမရှိတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဖြန့်ဖြူးမှုကို ဆန့်ကျင်ကန့်ကွက်ဖို့ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ Global Justice Now အဖွဲ့ဝင်တွေလည်း ဖယ်လ်မောက်မှာစုံရုံး ဆန္ဒပြခဲ့ကြပါတယ်။ 

 G7  အစည်းအဝေးမှာတော့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေဟာ  ကိုဗစ်-၁၉ ရောဂါအရေးအပါအဝင် တခြားအရေးကြီးပြဿနာတွေကို ဆွေးနွေးနေကြတာဖြစ်ပါတယ်။ 

3 months Ago
Up