မြန်မာအမျိုးသမီးရှေ့နေ

April 13, 2021

မြန်မာအမျိုးသမီးရှေ့နေများ စစ်ကောင်စီကို တရားရေးစစ်မြေပြင်တိုက်ပွဲဝင်နေ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် စိုးရိမ်စိတ်နဲ့ လူငယ်ရှေ့နေ အများအပြား အခက်တွေ့နေချိန်မှာ မြန်မာအမျိုးသမီး ရှေ့နေတစုကတော့ အာဏာသိမ်း  စစ်ကောင်စီကို တရားရေး စစ်မြေပြင်ကနေ တိုက်ပွဲဝင်နေတယ်လို့ ဂျပန်အခြေစိုက် နိခဲအိအေးရှ သတင်းဌာနက ဧပြီ ၁၂ ရက်မှာ‌ ရေးသားဖော်ပြတယ်။

အာဏာမသိမ်းခင်က ရန်ကုန်က တိုက်ခန်းတစ်ခုမှာ  ဟင်းချက်ရင်း သီချင်းနဲ့ ကခုန်နေတဲ့ လူငယ်ရှေ့နေ အမျိုးသမီး မဇာလီဟာ ခုတော့ ရန်ကုန်က ထောင်အပြင် နေပူထဲမှာ အသက်ဘေး ခြိမ်းခြောက်မှုအောက် အဖမ်းခံထားရတဲ့ ဆန္ဒပြသူတွေကို ခုခံ ကာကွယ်ပေးနေတယ်လို့ဆိုပါတယ်။

အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးထိန်းသိမ်းခံ ဆန္ဒပြသူတွေကို တရားရေး အထောက်အကူရဖို့ လူငယ်ရှေ့နေတွေက တရားရုံးတွေမှာ ကူညီလျှောက်လဲ ပေးနေတယ်လို့လဲ နိခဲအိ အေးရှ သတင်းမှာ ရေးသားထားပါတယ်။

ဖေဖော်ဝါရီ ၁  ရက်နေ့က မြန်မာနိုင်ငံမှာ နိုင်ငံတော်အာဏာကို စစ်တပ်က  မတရားသိမ်းယူလိုက်ပြီးနောက် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ အနုပညာရှင်တွေ ကိုဖမ်းဆီးထိန်းသိမ်း တရားစွဲခံနေရတာဖြစ်ပါတယ်။

ဒါအပြင် နိုင်ငံတဝန်းက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေ GZ လူငယ်တွေ ၊ CDM ဝန်ထမ်းတွေကိုလည်း စစ်အုပ်စုက နေ့စဉ်လိုလို လိုက်လံဖမ်းဆီး ထောင်ချနေတဲ့ အတွက် ရှေ့နေတွေ့က အကျဉ်းထောင်တွေအထိသွားရောက်ပြီး ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေးနဲ့  ဥပဒေရဲ့ အကာအကွယ်ရရှိရေး ကူညီဆောင်ရွက်ပေးနေ ကြတာဖြစ်ပါတယ်။  

2 months Ago
Up