မြန်မာပြည်သူ ၂၃၀၀၀၀

June 25, 2021

တိုက်ပွဲနှင့်အကြမ်းဖက်မှုများကြောင့် မြန်မာပြည်သူ ၂၃၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရ

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း တိုက်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ခန့်မှန်းလူပေါင်း ၂ သိန်း ၃ သောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး သူတို့အားလုံး အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအေဂျင်စီက ဇွန် ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပေမယ့် လက်နက်ကိုင်တိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေနဲ့ လုံခြုံမှုကင်းမဲ့ခြင်းတွေကြောင့် နှောင့်နှေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ပြောပါတယ်။ 

ထိုင်းနိုင်ငံနဲ့ နယ်စပ်ထိစပ်နေတဲ့ ကရင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ လူပေါင်း ၁ သိန်း ၇ သောင်း ၇ ထောင်လောက် ရှိပြီး ပြီးခဲ့တဲ့လက ၁ သိန်း ၃ ထောင် ရှိတယ်လို့ဆိုပါတယ်။ 

အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်းပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေအပြီးမှာ စစ်ရှောင်နေရာဒေသပေါင်း ၁ ရာလောက်မှာ လူပေါင်း ၂ သောင်းကျော် ခိုလှုံနေကြရတာပါ။ 

ကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထူထောင်ထားတဲ့ ဒေသတွေမှာ စစ်တပ်နဲ့ သမိုင်းကြောင်းရှည်လျားတဲ့ တိုက်ပွဲတွေရှိခဲ့ပြီး လူထောင်ပေါင်းများစွာဟာ တိုက်ပွဲတွေကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။ 

ကရင်အမျိုးသား အစည်းအရုံး (KNU) က မြန်မာနိုင်ငံတဝှမ်းမှာ အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးမှု၊ အကြမ်းဖက်မှုတွေ အရှိန်မြင့်လာခြင်းနဲ့ စစ်တပ်မှ အင်အားအလွန်အကျွံ အသုံးပြုမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

KNU အနေနဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်တိုက်ခိုက်ပြီး ပြည်သူလူထုနဲ့ လက်နက်မဲ့ အရပ်သားတွေကို တတ်နိုင်သမျှ အကာအကွယ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းကနေ ခုထိ  လုံခြုံရေးတပ်ဖွဲ့များကြောင့် အနည်းဆုံးလူ ၈၈၀  သေဆုံးပြီး ၆၂၉၆ ဦး အဖမ်းခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများအသင်း (အေအေပီပီ) က စာရင်းပြုစုထားပါတယ်။ 

3 months Ago
Up