မြစ်သားမြို့

November 20, 2021

မြစ်သားမြို့နယ်၊ ကူမဲစျေး စည်ပင်ရုံး ဗုံးကွဲ

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်မှာ  နိုဝင်ဘာ ၁၉ ရက်နေ့လယ် ၂ နာရီလောက်က ကူမဲစျေးစည်ပင်ရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး အမျိုးသမီး တယောက် ဒဏ်ရာရသွားပါ တယ်။

ဈေးအနီးနေထိုင်သူတစ်ဦးက" စည်ပင်ဈေးရုံးနားမှာ ဗုံးကွဲတယ်။ အမျိုးသမီးတစ်ဦးတော့ အနည်းငယ်ဒဏ်ရာရတယ်။ အသွားအလာ လူမရှိသလောက်ဖြစ်နေတဲ့  နေ့လယ်ပိုင်းမှာ ဖြစ်သွားတာပါ။ ရှိတဲ့ ဈေးသည်တွေလည်း ဈေးဆိုင်ကို ၂ နာရီလောက်စောပိတ်ပြီး ပြန်ကုန်ကြတယ်"လို့ ပြောပါတယ်။

မြစ်သားမြို့နယ် ကူမဲမြို့စည်ပင်ရုံးကိုဖောက်ခွဲတာ သူတို့လက်ချက်ဖြစ်တယ်လို့ ကျောက်ဆည်ခရိုင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ကြေညာထားပါတယ်။

အများပြည်သူတွေ ထိခိုက်မှုမရှိစေဖို့  စစ်ကောင်စီတပ်တွေရှိတဲ့အနားနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်ရုံးတွေအနား သွားလာနေထိုင်တာ မပြုလုပ်ဖို့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့ကလည်း  သတိပေးကြေညာထားပါတယ်။

ကျောက်ဆည်ခရိုင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ကို  နိုဝင်ဘာလ ၁၅ ရက်နေ့မှာ  မန္တလေးမြေပြင်တိုက်ခိုက်ရေးအဖွဲ့၊ မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MNPDF)၊ စဉ့်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)၊ မြစ်သားပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့တို့နဲ့  မဟာမိတ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ 

မဟာမိတ်အဖွဲ့အနေနဲ့ ပြည်သူလူထုနဲ့အတူရပ်တည်ကာ အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်တဲ့အထိ  အတူလက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ကြေညာထားပါတယ်။

2 months Ago

October 20, 2021

မြစ်သားမြို့တွင် လျှပ်စစ်ရုံး ဗုံးပေါက်ကွဲ

မန္တလေးတိုင်း၊ မြစ်သားမြို့မှာ ပြည်သူတွေဆီက မီတာခတွေ အတင်းအကျပ် ကောက်ခံနေပြီး ရထားလာချိန် မီးဖြတ်ထားတာကြောင့် အောက်တိုဘာ ၁၈ ရက် ညက မြစ်သားမြို့ လျှပ်စစ်ရုံးကို သတိပေး ဗုံးဖောက်ခွဲခဲ့တယ်လို့ မြစ်သား PDF က ထုတ်ပြန်ပါတယ်။

မြို့ခံတဦးက “ပေါက်ကွဲသံကတော့ အကျယ်ကြီး ကြားရတယ်။ စစ်တပ်နဲ့ ရဲတွေ ရောက်လာပြီး ရမ်းသန်း ပစ်ခတ်နေတာတွေလည်း ကြားရတယ်။ ညပိုင်းဆိုတော့ ဝန်ထမ်းတွေလည်း သိပ်မရှိကြဘူး။ ထိခိုက်မှု မရှိဘူး” လို့ ပြောပါတယ်။

လျှပ်စစ်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီလက်ပါးစေတွေကို မီတာခ အတင်းအကျပ်ကောက်ခံတာတွေ မလုပ်ဖို့ သတိပေးထားပြီး ဆက်လုပ်နေရင်  အသက်အန္တရာယ်ထိခိုက်တဲ့အထိ ရည်ရွယ် လုပ်ဆောင်မယ်လို့ လူမှုကွန်ရက်ကနေ သတိပေးထားပါတယ်။

မြစ်သားပြည်သူကာကွယ်ရေးတပ်ဖွဲ့ကို ဇွန် ၂၈ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး တံတားဦး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား ၄ မြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်း ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

မြစ်သားမြို့နယ်မှာ အောက်တိုဘာ ၃ ရက်နေ့က ရဲသတင်းတပ်ဖွဲ့ရုံး ဗုံးပစ်ခံရပြီး အောက်တိုဘာ ၅ ရက်နေ့မှာ မြစ်သားဘူတာနဲ့ ကူမဲဘူတာအကြား စမာတံတားအနီး ရထား မိုင်းဆွဲခံခဲ့ရပါတယ်။

3 months Ago
Up