မြစ်မခသတင်းဌာန

May 11, 2022

ဖမ်းဆီးခံ သတင်းထောက် ကိုမျိုးမင်းထွန်းကို ၆ လကျော်အထိ မိသားစု တွေ့ခွင့်မရသေး

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့က မြစ်မခသတင်းဌာန သတင်းထောက်ဟောင်းဖြစ်သူ ကိုမျိုးမင်းထွန်းကို စစ်ကောင်စီက ဖမ်းဆီးပြီး ၆ လကျော်ကြာအထိ မိသားစုနဲ့တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

မြစ်မခအကြီးတန်းသတင်းထောက် ကိုမျိုးမင်းထွန်းကို စစ်ကောင်စီတပ်သားတွေ အောက်တိုဘာလပိုင်းက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီး ခုချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မပေးသေးတာလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

“ကိုမျိုးမင်းထွန်းကို ဖမ်းတာ ၆ လကျော်သွားပြီ ခုချိန်ထိတွေ့ခွင့်မရသေးဘူး။ သူ့အစ်ကို ဆုံးတာတောင် သူ သိရဲ့လားမသိဘူး။ သူအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို စစ်ကောင်စီက မိသားစုနဲ့ တွေ့ခွင့်မပေးတာ” လို့ နီးစပ်သူတဦးက ပြောပါတယ်။

သတင်းထောက် ကိုမျိုးမင်းထွန်း ဖမ်းဆီးခံရပြီး ၆ လပြည့်ခါနီးမှာ အစ်ကိုဖြစ်သူ သတင်းထောက်ဟောင်း ကိုမြမင်းဦး ရုတ်တရက်သေဆုံးခဲ့ပေမယ့် ကိုမျိုးမင်းထွန်း သတင်းမသိနိုင်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက သတင်းထောက် ကိုမျိုးမင်းထွန်းကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားပြီး ထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်းထောက် ကိုမျိုးမင်းထွန်းဟာ အာဏာသိမ်းပြီး ၂ လအကြာမှာ အလုပ်ကနေ ရပ်နားခဲ့သူ ဖြစ်တာကြောင့် အခုလို ဖမ်းဆီးတရားစွဲတာ မဖြစ်သင့်ဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းကို ဖမ်းဆီးပြီး မတ် ၂၃ ရက်မှာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။

9 months Ago

October 22, 2021

ပုသိမ်မြို့ခံ မြစ်မခသတင်းဌာန သတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်း ဖမ်းဆီးခံရ

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက်မှာ အောက်တိုဘာ ၂၂ ရက် ဒီနေ့ ညနေပိုင်းက မြစ်မခသတင်းဌာနသတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်းကို စစ်ကောင်စီတပ်သားတွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပါတယ်။ 

မြစ်မခသတင်းဌာနရဲ့ အကြီးတန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ကိုမျိုးမင်းထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်အလုပ် မလုပ်တော့ပေမဲ့ နေအိမ်မှာရှိနေစဉ် စစ်တပ်နဲ့ ရဲတပ်သား ၃၀ ကျော်လောက်က လာရောက်ဖမ်းဆီးသွားတာလို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

“နေ့လယ်ပိုင်းကတည်းက လာဖမ်းတာ  စစ်တပ်ရော ရဲရောပါတယ်။  ၃၀ ကျော်လောက်ပေါ့။ ဘယ်ကိုဖမ်းခေါ်သွားလဲတော့ မသိသေးဘူး။ မိသားစုဝင်တွေလည်း ဘယ်လိုက်ရမလဲ မသိဖြစ်နေကြတယ်။ ခုတော့ စခန်းလိုက်  မေးနေတယ်”လို့ နီးစပ်သူတဦးက ဒီဗွီဘီကိုပြောပါတယ်။ 

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ ပြည်သူ ၁၀၀ ကျော်ထိရှိလာပြီဖြစ်ပြီး အဲ့အထဲမှာ ဖမ်းဆီးခံရတဲ့ သတင်းထောက် ၃ ဦးထိရှိလာပြီဖြစ်ပါတယ်။

1 year Ago
Up