မဲ​နှစ်​ကြိမ်​ပေးမှု

November 12, 2020

ဧရာ၀တီတိုင်း​တွင် ကိုယ်စားမဲပေးမှု ၃ မှုနှင့် ​၁ ဦးတည်း မဲ​နှစ်​ကြိမ်​ပေးမှု ၁၀ မှုဖြစ်​

ဧရာဝတီတိုင်းမှာ ရွေးကောက်ပွဲအတွင်း  ၁ ဦးတည်း မဲနှစ်ကြိမ်ပေးမှု ၁၀ မှုဖြစ်ပွားခဲ့ပြီး ကိုယ်စားမဲပေးမှုက ၃ မှုမှာ အသက်မပြည့်သေး ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ၁ ဦးတည်း မဲနှစ်​ကြိမ်​​ပေးခဲ့မှုက မအူပင်​မြို့နယ်​မှာ ၄ မှု၊ အင်္ဂပူမြို့နယ်​မှာ ၂ မှု၊ ကန်​ကြီး​ထောင့်၊ ​မော်​လမြိုင်​ကျွန်း၊ ဓနုဖြူ၊ ​ကျောင်းကုန်းနဲ့ လပွတ္တာမြို့နယ်​တွေမှာ ၁ မှုစီ ဖြစ်​ပွားခဲ့​တယ်လို့ ဧရာ၀တီတိုင်း ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ မှတ်တမ်းတွေအရ သိရပါတယ်။ တိုင်း​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ အဖွဲ့ခွဲဥက္ကဋ္ဌ ဦး​အောင်​မြင့်က "ဆန္ဒမဲ​ပေးပိုင်​ခွင့်ရှိသူ မဲစာရင်းထဲမှာ ပါမှ​ပေးရမယ်​။ အဲ့ဒါ​တော့ လူတိုင်းသိမယ်​ထင်တယ်။ ​​အခုလာ​ပေးတဲ့ သူ​တွေဟာ မသိလို့ မဲ​ပေးမိတယ်​ဆိုတာ မဖြစ်​နိုင်​ဘူး။ အဲ့ဒါ​ကြောင့် ရဲစခန်းကို တိုင်​လိုက်​တယ်​" လို့ ​ပြောပါတယ်​။ တစ်ဦးကို မဲတစ်ကြိမ်ပဲပေးရမယ်ဆိုတာ မသိတာဆိုတာ မဖြစ်နိုင်တဲ့အတွက် ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့သလို ရဲစခန်းကလည်း အမှုဖွင့်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။ မဲနှစ်​ကြိမ်​​ပေးခဲ့လို့ အမှုဖွင့်ခံရသူတွေထဲမှာ ​ကျောင်းဆရာ ၁​ ဦးနဲ့ ​ကျောင်းဆရာမ ၁ ​ဦးအပါအ၀င်​ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၆ ဦးတို့ အမှု့ဖွင့်ခံခဲ့ရပြီး ကြိုတင်​မဲ​ပေးရာမှာ ဖြစ်​ပွားခဲ့တာ ၈ မှုအထိ ပါ၀င်​​တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသက်မပြည်သေးသူ ၂ ဦးအပါအဝင် ကိုယ်စားမဲပေးမှု ၃ မှုဖြစ်ခဲ့ပြီး  မြန် အောင်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်က အသက်​ ၁၆ နှစ်​အရွယ်​ မိန်​းက​လေးငယ်​ ၂ ဦးပါ၀င်​​နေ​တယ်လို့ ဧရာ၀တီတိုင်း​ဒေသကြီး ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ အဖွဲ့ခွဲက သိရပါတယ်။ "ဒါမျိုးက ၂၀၁၅ တုန်းကလည်း ဖြစ်ဘူးပါတယ်၊ အမေဖြစ်သူမအားလို့ သမီးဖြစ်သူက စလစ်ပြားယူပြီးလာပေးတာမျိုးတွေရှိပါတယ် အမှုဖွင့်ထားပါတယ် " လို့ ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ အဖွဲ့ခွဲဥက္ကဌ ဦး​အောင်​မြင့်က ပြောပါတယ်။ အသက်မပြည့်သေးသူ ၂ ဦးမှာ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ အစ်မဖြစ်သူကိုယ်စားမဲပေးခဲ့သူနဲ့ အမေဖြစ်သူထမင်းချက်နေစဉ် ကိုယ်စားမဲပေးခဲ့ တာကြောင့် အမှုဖွင့်ခံထားရတယ်လို့ ဆိုပါတယ် နောက်ထပ်ကိုယ်စားမဲပေးခဲ့တဲ့အမှုကတော့ ကျိုက်လတ်မြို့နယ်က ဒေါ်​ဌေးဆိုသူ အမျိုးသမီး ကိုယ်​စား အခြားအမျိုးသမီးက မဲလာပေးတာဖြစ်ပြီး တာဝန်ရှိသူတွေက လိမ်လည်မှုနဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဒါ့ပြင် ​တံဆိပ်​တုံးအတုနဲ့ မဲ​ပေးမှု ၁ မှု၊ မဲလက်​မှတ်​ ဖျက်​ဆီးမှု ၁ မှုနဲ့ မဲရုံဖျက်​ဆီးမှု ၁ မှုတို့ ဖြစ်​ပွားခဲ့​တယ်လို့ ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ အဖွဲ့ခွဲစာရင်းတွေအရ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
9 months Ago
Up