မဲရလဒ်

March 26, 2019

ထိုင်းရွေးကောက်ပွဲ တရားဝင်မဲရလဒ် မေလ ၉ ရက်နေ့ ကြေညာမည်

ထိုင်းရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ တရားဝင် မဲရလဒ်တွေကို မေလ ၉ ရက်နေ့မှာ ကြေညာမယ်လို့ ပြောလိုက်ပါတယ်။ တိုင်တန်းချက်အားလုံးကို စုံစမ်းစစ်ဆေးအပြီး အားလုံးရှင်းလင်းသွားချိန် မေလ ၉ ရက်နေ့မှာ ရွေးကောက်ပွဲရဲ့ တရားဝင် မဲရလဒ်တွေကို ကြေညာမယ်လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးချုပ်က သတင်းထောက်တွေကို မတ်လ ၂၅ ရက်မှာ ပြောလိုက်တာပါ။ မဲရလဒ်ကြေညာဖို့ နှောင့်နှေးရတဲ့ အကြောင်းရင်းတွေကိုတော့ မပြောခဲ့ပါဘူး။ ကနဦး မဲရလဒ်တွေကို မတ်လ ၂၄ ရက် ည ၈ နာရီခွဲမှာ မီဒီယာတွေက ကြေညာခဲ့ကြပြီးပါပြီ။ "ကနဦးရလဒ်တွေအရ ဘယ်ပါတီက မဲအများဆုံး ရထားတယ်ဆိုတာ ကျနော်တို့ သတိထားမိပါတယ်။ နောက်တဆင့်က တရားဝင်ရလဒ်တွေကို ကြေညာဖို့ပါ။ တရားဝင် ရလဒ်တွေကို ၂၀၁၉ မေလ ၉ ရက်မှာ ကြေညာဖို့ ရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားတယ်" လို့ ထိုင်းရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးချုပ် ဂျာရွန်ဝစ် ပူမာက ပြောပါတယ်။ ထိုင်းရွေးကောက်ပွဲကော်မရှင် ဒုအတွင်းရေးမှူးချုပ် နတ်လောင်စီစာဝါကူးကလည်း "ရှုပ်ထွေးတာတွေကို ရှောင်ဖို့ မဲ ၉၅ ရာခိုင်နှုန်းရဲ့ ကနဦးရလဒ်တွေကိုသာ ကြေညာဖို့ ဥပဒေက ရွေးကောက်ပွဲကော်မရှင်ကို ကန့်သတ်ထားတယ်၊ အငြင်းပွားနေတဲ့ မဲဆန္ဒနယ်တွေက မဲရလဒ်တွေကို ကြေညာဖို့ ဥပဒေက ကျနော်တို့ကို ခွင့်ပြုမထားဘူး" လို့ ဆိုပါတယ်။ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးကနေ လက်ရှိဝန်ကြီးချုပ် ဖြစ်လာတဲ့ ပရာယွတ် ချန်အိုချာက ရွေးကောက်ခံဝန်ကြီးချုပ် ဖြစ်လာဖို့ လုံလောက်တဲ့ အောက်လွှတ်တော်အမတ် အရေအတွက်ကို သူ့ကိုလိုလားတဲ့ ဖလန်းပရချားရတ်ပါတီက အနိုင်ရမလားဆိုတာတော့ မသေချာသေးပါဘူး။ မဲအားလုံးရဲ့ ၉၄ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာ ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို လိုလားတဲ့ ဖွေထိုင်းပါတီကတော့ မျှော်လင့်ထားသလောက် မနိုင်ခဲ့ပါဘူး။ ဒါပေမယ့် လွှတ်တော်အမတ်နေရာ အများဆုံးဝေစုကို ရဖို့ အလားအလာ ရှိနေပါတယ်။
2 years Ago

January 4, 2019

ကွန်ဂိုသမ္မတရွေးကောက်ပွဲ မဲရလဒ်ကြေညာမှု နှောင့်နှေးနေ

ကွန်ဂိုသမ္မတရွေးကောက်ပွဲ ကနဦး မဲရလဒ်တွေ နှောင့်နှေးနေရတာဟာ မဲစာရင်း လက်ခံရတာနည်းလို့ ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် CENI က သမ္မတလောင်း ကိုယ်စားလှယ်တွေကို ဇန်နဝါရီ ၂ ရက်နေ့က ပြောလိုက်ပါတယ်။ မဲရေတွက်တဲ့ ဌာနတွေဟာ ခုချိန်ထိ မဲစာရင်း ၁၇ ရာခိုင်နှုန်းကိုသာ လက်ခံရရှိသေးတယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကော်နယ်လီ နန်ဂါးက ပြောကြောင်း ဒေသ သတင်းရင်းမြစ် ၃ ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အာဖရိကသမဂ္ဂက ရွေးကောက်ပွဲစောင့်ကြည့်ရေး မစ်ရှင်နဲ့ သမ္မတလောင်း ကိုယ်စားလှယ်တွေရဲ့ အစည်းအဝေးအတွင်း ခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ UDPS ပါတီခေါင်းဆောင် ဖေးလစ်ခ် ဆီဆေကေဒီရဲ့ မဲဆွယ်မှုဒါရိုက်တာက မဲတွေ မဲရေတွက်ရုံဆီပို့တာ နှေးကွေးနေလို့ မဲရလဒ် ကြေညာမှု နှောင့်နှေ်းနေလိမ့်မယ်လို့ ပြောပါတယ်။ မြို့တော် ကင်ရှာဆာက မဲရေတွက်ရေးဌာန အနည်းဆုံး ၂ ခုမှာ ဇန်နဝါရီ ၂ ရက်နေ့ မနက်ပိုင်းထိ မဲရေတွက်မှု မစနိုင်သေးပါဘူး။
3 years Ago
More News
Up