မဲဆွယ်ချီတက်ပွဲ

May 17, 2020

ဘူရွန်ဒီနိုင်ငံ မဲဆွယ်ချီတက်ပွဲ လူထောင်ချီ Mask မတပ်ဘဲ တက်ရောက်

ဘူရွန်ဒီနိုင်ငံမှာ လာမယ့်သီတင်းပတ်အတွင်း သမ္မတရွေးကောက်ပွဲ ပြုလုပ်တော့မှာမို့ အာဏာရပါတီ CNDD-FDD ကို ထောက်ခံသူ လူထောင်ပေါင်းများစွာဟာ မေလ ၁၆ ရက်က ကျင်းပတဲ့ နောက်ဆုံးမဲဆွယ်ချီတက်ပွဲကို Mask မတပ်ဘဲ ပါဝင်ခဲ့ကြပါတယ်။ အရှေ့အာဖရိကနိုင်ငံဖြစ်တဲ့ ဘူရွန်ဒီမှာ ပြည်တွင်းစစ်ပြီးဆုံးတာ ၂၀၀၅ ခုနှစ်ကတည်းက ဆိုပေမယ့် ဒီလို မဲဆွယ်ချီတက်ပွဲတွေ လုပ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ပြန့်ပွားမှုနဲ့  နိုင်ငံရေး အကြမ်းဖက်မှုတွေကို စိုးရိမ်နေရပါတယ်။  သမ္မတ ပီယဲအန်ခွူရွန်ဇစ်ဇာဟာ ၁၅ နှစ်ကြာ အုပ်ချုပ်ပြီး ရာထူးက ဆင်းသွားခဲ့ပေမယ့် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးဟောင်းတဦးကို ပါတီရဲ့သမ္မတလောင်းအဖြစ် ရွေးချယ်ထားပါတယ်။ မေ ၂၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ တခြားသမ္မတလောင်း ၆ ဦးလည်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီထဲမှာ အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌနဲ့ CNL ပါတီ ခေါင်းဆောင်ဖြစ်သူ အဂါသွန်ရာဝစာလည်း ပါဝင်ပါတယ်။  လူဦးရေ ၁၁ သန်းရှိတဲ့ ဘူရွန်ဒီမှာ COVID-19 အတည်ပြု လူနာဦးရေ ၂၇ ဦး တွေ့ရှိထားပြီး ဓာတ်ခွဲစစ်ဆေးမှုကို လူ ၅၂၀ ကိုသာ လုပ်ထားရသေးတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
12 months Ago
Up