မဲစာရင်း ပြုစုနေ

June 9, 2020

ဧရာဝတီတိုင်းတွင် ပြည်ပကပြန်လာသူများ၏ မဲစာရင်း ပြုစုနေ  

နိုင်ငံခြားကနေ  ဧရာဝတီတိုင်းကို ပြန်လာသူတွေရဲ့ မဲစာရင်းကိုပြုစုဖို့ တိုင်းရွေးကောက်ပွဲ ကော်မရှင်က  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က “ရပ်ကွက်ကော်မရှင်တွေက Quarantine ဝင်တဲ့သူတွေပေါ့၊ အဲဒီစာရင်းကိုတောင်းတယ်။ ဟိုကပေးပါတယ်။ လိုအပ်ချက်တော့ရှိတယ်၊ စာရင်းရရင် ဘယ်ရပ်ကွက်ကလဲ ဆိုပြီး စာရင်းပြန်ထည့်တာပေါ့”လို့ ဒီဗွီဘီကို ပြောပါတယ်။ နိုင်ငံခြားကနေ တရားဝင်အသိပေးပြီး ပြန်ဝင်လာသူ စာရင်းက ရှိပြီးသားဖြစ်ပြီး အသိမပေးပဲ ပြန်ဝင်လာသူတွေလည်း ရှိနိုင်တဲ့အတွက်  ပြန်လာသူ မဲစာရင်းကို စစ်ဆေးပြီး ပြန်လည် ဖြည့်နေကြောင်း သိရပါတယ်။ “ကော်မရှင်စာရင်းအရပြောရင် က(၁)လို့ခေါ်တယ် စာရင်းရှိတဲ့ လူမရှိဘူး။ နိုင်ငံခြားမှာ သွားလုပ်စားနေတယ်။ သူစာရင်းက ဒီမှာကျန်ခဲ့တယ်။ အဲဒါကို ကျနော်တို့က (၁)စာရင်းနဲ့ တိုက်ကြည့်မယ် မှန်တယ်ဆိုရင် (က)စာရင်း ပုံစံ-၁ မဲစာရင်းထဲကိုပြောင်းမှာပေါ့ မခက်ဘူး”  ဦးအောင်မြင့်က ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးသို့ ထိုင်း၊ မလေးရှာ၊ တရုတ်နဲ့ စင်ကာပူနိုင်ငံတွေကနေ ပြန်လာသူ ၁၀၀၀ ကျော်ရှိကြောင်းသိရှိရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကို  နိုဝင်ဘာမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပြီး ဧရာဝတီတိုင်းဒေသကြီးမှာ မဲပေးခွင့်ရှိသူ  ခန့်မှန်း  ၄ ဒသမ ၄ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ သတင်း- စည်သူမောင်မောင် 
11 months Ago
Up