မော်လမြိုင်တက္ကသိုလ်

August 28, 2021

ထုတ်ပယ်ခံ မော်လမြိုင်တက္ကသိုလ် CDM ဆရာမ၊ ဆရာမများထံမှ ချေးငွေ ပြန်တောင်း

အာဏာသိမ်း စစ်ကောင်စီဟာ ရာထူးက ထုတ်ပယ်ခံထားရတဲ့ မော်လမြိုင်တက္ကသိုလ် CDM ဆရာမ၊ ဆရာမတွေဆီက ချေးငွေ ပြန်တောင်းနေတယ်လို့ ဆရာ၊ ဆရာမတွေက DVB ကို ပြောပါတယ်။

ဒီချေးငွေကို အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်က ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့မှာ လက်မှတ်ထိုးပြီး ချေးငွေ အမြန်ဆုံးပေးသွင်းကြဖို့ ဖိအားပေးလာခဲ့တာ ဖြစ်ပါတယ်။

ရာထူးက ထုတ်ပယ်ခံထားရတဲ့ ဆရာ၊ ဆရာမတွေက အာဏာသိမ်း စစ်ကောင်စီကို ချေးငွေ ပြန်ဆပ်မှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

ချေးငွေအား စစ်ကောင်စီကို ပြန်ဆပ်မှာ မဟုတ်ကြောင်းနဲ့ ဒီမိုကရေစီအစိုးရတက်လာမှ ချေးငွေ ပြန်ဆပ်မယ်လို့ ရာထူးမှ ထုတ်ပယ်ခံထားရတဲ့ CDM ဆရာမတစ်ဦးက ပြောပါတယ်။

ဒီချေးငွေဟာ နိုင်ငံဝန်ထမ်းတွေအတွက် NLD အစိုးရက ထုတ်ချေးပေးခဲ့တဲ့ အတိုးမဲ့ ဝန်ထမ်း ၂ လစာ ချေးငွေ ဖြစ်ပါတယ်။

မော်လမြိုင်တက္ကသိုလ်မှာတော့ အာဏာသိမ်းစစ်ကောင်စီကို အာဏာဖီဆန်ခဲ့လို့  CDM ဆရာ၊ ဆရာမ ၂၀၀ ကျော်ကို ရာထူးက ထုတ်ပယ်ထားတာ ဖြစ်ပါတယ်။

3 weeks Ago

August 5, 2021

မော်လမြိုင်တက္ကသိုလ် ကျောင်းသူ ၂ ဦးကို ၅၀၅(က) ဖြင့် အမှုဖွင့်ပြီး အကျဉ်းထောင်ပို့ဆောင်

မွန်ပြည်နယ် ပေါင်မြို့နယ်၊ ဆင်ရွာကျေးရွာနေ တက္ကသိုလ်ကျောင်းသူ ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ပြီး အကျဉ်းထောင်ကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

မော်လမြိုင်တက္ကသိုလ် အင်္ဂလိပ်စာနောက်ဆုံးနှစ်ကျောင်းသူ နန်းစန္ဒာဝင်းနဲ့ ရုက္ခဗေဒ အဝေးသင်း စတုတ္ထနှစ်ကျောင်းသူ နန်းဆုပိုင်ဖူးတို့ကို သြဂုတ် ၃ ရက်ညနေပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။

သူတို့ ၂ ဦးကိုတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းဓာတ်ပုံတွေကို လူမှုကွန်ရက်မှတဆင့် သတင်းရပြီးနောက် နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီတက္ကသိုလ်ကျောင်းသူ ၂ ဦးဟာ သြဂုတ် ၄ ရက်မှာ ကျိုက်မရော ဗဟိုအကျဉ်းထောင်ကို ပို့ဆောင်ခံလိုက်ရတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ အမည်ပြောင်း အိမ်စောင့်အစိုးရဟာ ဆန္ဒပြပွဲပါဝင်ခဲ့တဲ့ သူတချို့ကို ပြန်လွှတ်ပေးမယ်လို့ ထုတ်ပြန်ထားပေမဲ့ တဖက်မှာတော့ ဆန္ဒပြပွဲ ပါဝင်သူတွေကို ဆက်လက် ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂက သြဂုတ် ၃ ရက်မှာ တောင်းဆိုထားပါတယ်။

1 month Ago
More News
Up