မော်လမြိုင်

July 13, 2021

မော်လမြိုင်သုသာန်များတွင် ၃ ရက်အတွင်း ကိုဗစ်လူနာ ၇၀ ကျော် မီးသင်္ဂြိုင်ပေးခဲ့ရ

မွန်ပြည်နယ် မော်လမြိုင် သုသာန်တွေမှာ ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၇၀ ကျော် မီးသင်္ဂြိုင်ပေးခဲ့ရတယ်လို့ သုသာန်တာဝန်ရှိသူတွေက ပြောပါတယ်။

မော်လမြိုင် ပိန္နဲကုန်း သုသာန်မှာတော့ ဇူလိုင် ၁၁ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၁၇ ဦး၊ ဇူလိုင် ၁၂ ရက်နေ့မှာ ၂၁ ဦး၊ ဇူလိုင် ၁၃ ရက်နေ့မှာ ၁၇ ဦး စုစုပေါင်း ၆၅ ဦး မီးသင်္ဂြိုင်ပေးခဲ့ရတာပါ။

မော်လမြိုင် ပိန္နဲကုန်း သုသာန် တာဝန်ရှိသူ တစ်ဦးက “တခါမှ အဲလောက် ကိုဗစ်အတည်ပြုလူနာတွေကို မီးမသင်္ဂြိုင်ပေးခဲ့ဘူး၊ အခုက ရက်ဆက်ပဲ။ သုသာန်ဖွင့်တာနဲ့ ရောက်နေပြီး” လို့ DVB ကို ပြောပါတယ်။

အရင်က မော်လမြိုင် ပိန္နဲကုန်းသုသာန်မှာ တစ်ရက်ကို ကိုဗစ်အတည်ပြုလူနာ ၂ ဦးလောက်သာ မီးသင်္ဂြိုင်ပေးခဲ့ရပြီး ဒီ သုံးရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၆၅ ဦးကို မီးသင်္ဂြိုင်ပေးခဲ့ရတာ ဖြစ်ပါတယ်။

အစ္စလာမ်သုသာန်ဖြစ်တဲ့ မော်လမြိုင် မြို့မစန္နီမွတ်စလင်ဥယျာဉ်မှာတော့ အခု ၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးကို မြှုပ်နှံပေးခဲ့ရတယ်လို့ ဥယျာဉ်တော် တာဝန်ရှိသူ တစ်ဦးက DVB ကို ပြောပါတယ်။

“အခုက ရက်ဆက်ပဲ ကျနော်တို့ နေ့စဉ် မြှုပ်နှံပေးနေရတာ၊ လာတဲ့သူတွေကလည်း ကိုဗစ်အတည်ပြုလူနာတွေ များတယ်”လို့ သူက ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ဇူလိုင် ၁၃ ရက်နေ့ ကိုဗစ်အတည်ပြုလူနာ ၂၈၀၀ ကျော်ထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ သေဆုံးသူ ၁၀၀ နီးပါးထိ ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၃ ရက်အတွင်း မွန်ပြည်နယ် တစ်ခုလုံးမှာ ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ ၂၁ ဦးသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်တွေမှာတော့ မော်လမြိုင် ပိန္နဲကုန်း သုသာန်နဲ့ မော်လမြိုင် မြို့မစန္နီမွတ်စလင်ဥယျာဉ်တို့မှာ အဲဒီ ၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၇၆ ဦးကို မီးသင်္ဂြိုင်ပေးခဲ့ရတာ ဖြစ်ပါတယ်။

1 week Ago

မော်လမြိုင်ရှိ ရဲတပ်ဖွဲ့ရုံးများနှင့်ရဲစခန်းအားလုံးနီးပါး ကိုဗစ်ကူးစက်ခံနေရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရဲ့ ရဲတပ်ဖွဲ့ရုံးတွေနဲ့ ရဲစခန်းအားလုံးနီးပါးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက DVB ကို ပြောပါတယ်။

ကိုဗစ်ရောဂါ ကူးစက်ခံရမှုအရ မော်လမြိုင်မြို့က မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တခုတည်းမှာပဲ ရဲတပ်ဖွဲ့ဝင် ၅၀ ထက်မနည်း ကူးစက်ခံထားရပါတယ်။

ဒါအပြင် မော်လမြိုင်မြို့နယ် ရဲမှူးအပါအဝင် ရဲစခန်းအားလုံးနီးပါးမှာ ကိုဗစ်အတည်ပြုလူနာတွေ တွေ့ရှိခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် ၁၀၀ ကျော် ကိုဗစ်ကူးစက်ခံထားရပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေကို သက်ဆိုင်ရာ ကွာရန်တင်းတွေမှာ စောင့်ကြည့်ထားပြီး သေဆုံးမှု မရှိသေးဘူးလို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ ရှိပေမယ့် ရဲစခန်းနဲ့ ရုံးတွေကို အသွားအလာကန့်သတ်ထားခြင်း မရှိဘဲ ပုံမှန်အတိုင်း ဖွင့်လှစ်ထားပါတယ်။

မော်လမြိုင်မှာတော့ ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံး၊ ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ နယ်မြေရဲစခန်းအပါအဝင် ရဲတပ်ဖွဲ့ရုံး ၁၇ ခု ရှိနေတာ ဖြစ်ပါတယ်။

1 week Ago

July 12, 2021

မော်လမြိုင်တွင် ဆိုင်ကယ်လိုင်စင် လူစုလူဝေးဖြင့် လာထုတ်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ဆက်တိုက်မြင့်တက်နေတဲ့ မွန်ပြည်နယ် မော်လမြိုင်မှာ အာဏာသိမ်းစစ်ကောင်စီက  လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုင်စင်ထုတ်ပေးနေရာမှာ လူစုလူဝေးနဲ့ လာရောက် ထုတ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အခွန်ဝင်ငွေရရှိမှု နည်းပါးနေတဲ့အချိန်မှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို လိုင်စင်ထုတ်ပေးပြီး အခွန်ရဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

လိုင်စင်မဲ့ ဆိုင်ကယ်တွေကို ဇူလိုင် ၇ ရက်ကစပြီး သြဂုတ် ၁၈ ရက်အထိ ရုံးပိတ်ရက်ကလွဲပြီး  လိုင်စင်ပြုလုပ်ပေးသွားဖို့ စီစဉ်ထားပါတယ်။

မော်လမြိုင် ဒေသခံတွေကတော့ ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေချိန်မှာ အခုလို လိုင်စင်ထုတ်ပေးနေတဲ့အပေါ် ပြစ်တင် ဝေဖန်နေကြပါတယ်။

မော်လမြိုင်မြို့နယ်ကို နေအိမ်အတွင်း နေထိုင်ဖို့ Stay at home သတ်မှတ်ထားတဲ့အချိန်မှာ အာဏာသိမ်း စစ်ကောင်စီက အခုလို လိုင်စင်ထုတ်ပေးနေတာဟာ သူတို့မှာ ဝင်ငွေမရှိကြောင်း ပြသနေသလို ကိုယ်ထုတ်ထားတဲ့ အမိန့်ကိုယ်တိုင် ချိုးဖောက်နေတာလို့ ဒေသခံ ပြည်သူ တစ်ဦးက ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၁၂ ရက်မှာတော့ မော်လမြိုင်ကညနရုံးမှာ လိုင်စင်လာရောက် ပြုလုပ်သူ ရာနဲ့ချီ ရှိနေသူပြီး စစ်ကောင်စီဘက် လိုင်စင်နှုန်းထား အရင်ထက် ပိုလျော့ပေးထားတယ်လို့ ဆိုပါတယ်။

2 weeks Ago
More News
Up