မောင်တောနယ်စပ်

June 6, 2020

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှုပမာဏ ၁၆ ဆကျော် ကျဆင်း

ကိုဗစ်-၁၉ ရောဂါကြောင့် ရခိုင်ပြည်နယ်-မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်သွယ်မှုပမာဏ ၁၆ ဆကျော် ကျဆင်းခဲ့တယ်လို့ မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်းက ပြောပါတယ်။ ပြီးခဲ့တဲ့မတ်လနဲ့ နှိုင်းယှဉ်ပါက ဧပြီနဲ့ မေလမှာ ကုန်သွယ်မှုပမာဏ ၁၆ ဆကျော် ကျဆင်းခဲ့တာလို့ ဆိုပါတယ်။ အခုလို ကျဆင်းရတာဟာ တဖက်ဘဂ်လားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့ပြီး ပြန်လာတဲ့ မော်တော်ဘုတ်သမားတွေဟာ Facility Quarantine နေထိုင်ရမှာ‌ စိုးရိမ်တဲ့အတွက် သွားရောက်မယ့်သူ မရှိတာကြောင့် ဧပြီလ ၁၁ ရက်နေ့ကစပြီး ကုန်သွယ်မှု ယာယီရပ်တန့်ထားခဲ့ရတာကြောင့် ဖြစ်တယ်လို့ မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက DVB ကို ပြောပါတယ်။ မေလ ၃၀ ရက်နေ့ တရက်တည်းသာ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တာကြောင့် ကိန်းဂဏန်းအရ ကုန်သွယ်မှုပမာဏ ၁၆ ဆ ကျော် ကျဆင်းခဲ့ရတာလို့ ဆိုပါတယ်။ အခုအခါ တဖက်ဘဂ်လားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့ပြီးပြန်လာတဲ့ မော်တော်ဘုတ်သမားတွေကို ဆိပ်ကမ်းအနီး အဆောင်တခုဆောက်ပြီး ပြင်ပလူတွေနဲ့ ထိတွေ့မှုမရှိအောင် Quarantine အဖြစ် ထားရှိဆောင်ရွက်ထားသလို ကျန်းမာရေဌာန စစ်ဆေးမှုတွေ ပြုလုပ်ပြီး ကုန်သွယ်မှုကို စတင်ပြုလုပ်နေတယ်လို့ မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ရှင်းပြပါတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဧပြီ ၁၁ ရက်နေ့ကစပြီး ကုန်သွယ်မှုယာယီရပ်တန်ထားခဲ့ရကာ မေလ ၃၀ ရက်နေ့မှာ စတင်ပြီးကုန်တွေ တင်ပို့နေတာပါ။ တလကျော် ကုန်တင်ပို့မှု ရပ်နားထားရတာကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကုန်တင်ကုန်ချအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အလုပ်သမားတွေ စားဝတ်နေရေ အခက်အခဲကြုံတွေ့ခဲ့ရတယ်လို့ ကုန်တင်ကုန်ချအလုပ်သမားတဦးက ပြောပါတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက ၂၀၂၀ ပြည့်နှစ် မတ်လတွင်း တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမေရိကန်ဒေါ်လာ  ၁.၈၉၅ သန်းဖိုး၊ ဧပြီလမှာ ဒေါ်လာ ၁၂၂၅၃၉ ဖိုး ကုန်သွယ်မှုပြုနိုင်ခဲ့ပြီး မေလမှာတော့ အမေရိကန်ဒေါ်လာ ၁၂၆၂၉၉ ဖိုးမျှသာ ကုန်တင်ပို့နိုင်ခဲ့တယ်လို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ကိန်းဂဏန်းတွေအရ သိရပါတယ်။ လင်းလက်
11 months Ago

May 17, 2020

တရားမဝင် ဝင်ရောက်မှုတားဆီးရန် မောင်တောနယ်စပ်တွင် လုံခြုံရေးတိုးမြှင့်ချထား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ COVID-19 ရောဂါကူးစက်နေတာကြောင့် ရခိုင်ပြည်နယ်-မောင်တောနယ်စပ်က တရားမဝင် ဝင်ရောက်လာမှုကို တားဆီးဖို့ လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။ “နယ်စပ်မှာ ယခင်ရှိတဲ့ အင်အားတွေထက်တိုးချခိုင်းထားတယ်။ ဒါပေမဲ့ အင်အားဘယ်လောက်ထိ တိုးထားတယ်ဆိုတာတော့ လုံခြုံရေးတာဝန်ယူထားသူတွေသာ ပြောနိုင်မယ်ဗျ။ မနေ့က ဦးဇော်ဌေးလည်း ပြောထားတယ်၊ ဘင်္ဂလားမှာ ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 ရောဂါကြောင့် ပြန်လည်လက်ခံရေးစခန်းတွေ လတ်တလောမှာ ပိတ်ထားတယ်။” ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၃ ဦး ထပ်မံတွေ့ရှိရပြီး စုစုပေါင်း ၄ ဦး ရှိပြီလို့ ဘင်္ဂလားဒေ့ရှ် Dhaka Tribune သတင်းမှာ ရေးသားဖော်ပြထားပါတယ်။ နယ်စပ်ဂိတ်ပေါက်တွေမှာ တာဝန်ကျနေတဲ့ နယ်ခြားစောင့်တပ်တွေ အကျင့်ပျက် အဂတိလိုက်စားမှုတွေကြောင့် တဖက်နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာတာကို တားဆီးဖို့ ခက်ခဲမယ်လို့ မောင်တောမြို့နယ် လွှတ်တော်အမတ် ဦးထွန်းလှစိန်က ပြောပါတယ်။ “တော်တော်လေး ခက်ခဲပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်စပ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ နယ်ခြားစောင့်တွေအပေါ်မှာ မူတည်နေပါတယ်။ အကျင့်ပျက် အဂတိလိုက်စားမှုတွေ ရှိနေရင်တော့ တရားမဝင်လာရောက်မှုကို ဘယ်လိုမှ တားဆီးနိုင်မယ် မထင်ဘူး။” မောင်တောမြို့မှာ COVID-19 ရောဂါကူးစက်ခံရသူ မရှိသေးပေမယ့် ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကြိုတင်ကြာကွယ်ရေး စည်းကမ်းချက်တွေကို ပြည်သူတွေ လိုက်နာမှု အလွန်အားနည်းတယ်လို့ သိရပါတယ်။ စျေးဆိုင်သည်တဦးက “အခုအချိန်က ရာမန်ဒန် ဥပုဒ်ကာလမှာတော့ စျေးလာဝယ်သူတွေ နည်းနည်းများတယ်။ ၆ ပေအကွာကနေ စျေးဝယ်ဖို့ သတ်မှတ်ထားပေမယ့် လိုက်နာမှုမရှိကြဘူး” လို့ ပြောပါတယ်။ မောင်တောနယ်စပ်ကနေ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာသွားသူတွေ တရားမဝင်  ပြန်လည်ဝင်ရောက်လာနေတာကြောင့် ရောဂါကူးစက်လာမှာကို မောင်တောဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မေ ၁၇ ရက်မနက်ပိုင်းအထိ COVID-19 ရောဂါကူးစက်ခံရသူ ၂၀၉၉၅ ဦးနဲ့ သေဆုံးသူ ၃၁၄ ဦးရှိပြီး ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာတော့ ကူးစက်ခံရသူ ၄ ဦးရှိပြီလို့ သိရပါတယ်။ လင်းလက်
12 months Ago
More News
Up