မူးယစ်ဆေးအမြောက်အမြားဖမ်းမိ

August 21, 2020

မြန်မာဘက် မူးယစ်ဆေးအမြောက်အမြားဖမ်းမိပြီးနောက် ထိုင်းနယ်စပ် ၁၀ နေရာတွင် လုံခြုံရေး တင်းကြပ်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်ရဲ့ မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အိုက်စ်မူးယစ်ဆေးဝါး အမြောက်အမြားကို ကရင်လက်နက်ကိုင်အဖွဲ့က စစ်ဆေးဖမ်း ဆီးရမိတဲ့နောက် ထိုင်းဘက်ခြမ်းမှာ နယ်စပ်လုံခြုံရေးကို ပိုမိုတိုးမြှင့်ချထားလိုက်ပါတယ်။ တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်အခြေစိုက် ထိုင်းတပ်မဟာ ၄ ခြေလျင်တပ်က အထူးစစ်ဆင်ရေးတပ်၊ နယ်ခြားစောင့်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့အဖွဲ့ဟာ အုပ်စုခွဲပြီး ဖုပ်ဖရမြို့နယ် သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ နယ်စပ်တောလမ်း ၁၀ နေရာမှာ စောင့်ကြပ်လုံခြုံရေးယူထားတယ်လို့  siamrath.co.th ထိုင်းသတင်းက ဩဂုတ် ၂၁ ရက်နေ့မှာ  ဖော်ပြပါတယ်။ အဆိုပါ ၁၀ နေရာမှာ ချောင့်ခက်ပ်ကျေးရွာအုပ်စုတွင်းရှိ  ဘန့်ငေါင်းဖိုင်ရွာနဲ့ ဘန့်ဟွေ့လိုက် ရွာတွင်းမှာ ၂ နေရာ၊ ဖုပ်ဖရကျေးရွာအုပ်စုရှိ လုမ့်ထိုင်းဖတ်ထနားရွာ၊ မိုင်ရစ်ချိုင်းရွာနဲ့ ဘန့်ဟွေ့နမ့်နတ်ရွာနားမှာ ၃ နေရာ၊ ဝေါ်လေကျေးရွာအုပ်စုရှိ ဝါလေနေ၊ နောင်ကေထိုင်း၊ မဲ့အောက်ဟူး၊ ဘန့်ဖယော၊ ဘန့်ဆစ်ဖတ်ထနားကျေးရွာမှာ ၅  နေရာတို့ ဖြစ်ပါတယ်။  အခုလို လုံခြုံရေးတွေ တိုးမြင့်ချထားတာဟာ မူးယစ်ဆေးဝါးဝင်ရောက်မှုကို ကာကွယ်ရုံ တင်မကဘဲ လူကုန်ကူးမှုနဲ့ တရားမဝင်အလုပ်သမားဝင်ရောက်လာမှု၊ ဒုစရိုက်မှုနှိမ်နင်းရေး တွေအတွက်လည်း ပါဝင်တယ်လို့ ဖုပ်ဖရမြို့နယ်အုပ်ချုပ်ရေးမှူး နိုင်းဆုမ်ဖုန်း ဖုန့်ထဝီးဝုန်းက သတင်းထောက်တွေကို ပြောပါတယ်။  ထိုင်းနိုင်ငံ ဖုပ်ဖရမြို့နယ်ရဲ့ မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက် နဲ့ ၁၉ ရက်နေ့တွေက အိုက်စ်မူးယစ်ဆေးအလေးချိန် စုစုပေါင် ကီလိုဂရမ် ၂ ထောင်ကျော်ကို ဒီကေဘီအေတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးရမိခဲ့ပါတယ်။  အဆိုပါ မူးယစ်ဆေးဝါးတွေဟာ ထိုင်းကနေတဆင့် မလေးရှားနိုင်ငံဘက်ကို တင်သွင်းဖို့ ဖြစ်တယ်လို့ တာဝန်ရှိသူတွေရဲ့အပြောကို ကိုးကားပြီး မန်နေဂျာ အွန်လိုင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။  ကိုးကား - https://siamrath.co.th/
9 months Ago
Up