မူးယစ်ဆေးရောင်းသူ ၂ ဦး

December 14, 2020

လူမျိုးရေးစစ်ပွဲအတွက် လက်နက်ဝယ်ရန် မူးယစ်ဆေးရောင်းသူ ၂ ဦးကို စပိန်ရဲ ဖမ်းမိ

အနာဂတ်မှာ လူမျိုးရေး စစ်ပွဲဆင်နွှဲရေးအတွက် လက်နက်ဝယ်ဖို့ မူးယစ်ဆေးရောင်းတဲ့ အမျိုးသား ၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စပိန်ရဲတွေက ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။ သူတို့နှစ်ယောက်ရဲ့ နာမည်ကိုတော့ ထုတ်မပြောခဲ့ပါဘူး။ သူတို့ဟာ လူဖြူအစွန်းရောက် အုပ်စုတွေကို သီးခြားဖန်တီးဖို့နဲ့ လက်နက်ဝယ်ဖို့ ရည်ရွယ်ထားခဲ့ကြတယ်လို့ ရဲက ပြောပါတယ်။  ဒီဇင်ဘာ ၁၀ ရက်က စီးနင်းမှုအတွင်း ရဲတွေဟာ နာဇီအလံတခုနဲ့ တခြား လူဖြူအစွန်းရောက် သင်္ကေတတွေကို ရှာတွေ့ခဲ့ကြတာပါ။ သူတို့ကို စပိန်နိုင်ငံ အနောက်မြောက်ပိုင်း ပမ်ပလိုနာနဲ့ အန်ဒါလူစီယာမြို့တို့မှာ ဖမ်းဆီးခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ နယူးဇီလန်နိုင်ငံ ခရိုက်ချာ့ချ်မြို့မှာ ၂၀၁၉ မတ်လက မွတ်စလင် ၅၁ ယောက်ကို အသေ ပစ်သတ်ခဲ့တဲ့ သြစတြေးလျနိုင်ငံသား ဘရန်တွန်တောရန့်ကို ချီးကျူးထားတဲ့ သံသယရှိသူတွေ လူမှုကွန်ရက်ပေါ်မှာ ရေးထားတဲ့ စာကို အရာရှိတွေက ရှာတွေ့ခဲ့တာပါ။ လူမျိုးရေးစစ်ပွဲလို့ သူတို့ခေါ်တဲ့ တိုက်ခိုက်မှု ပုံစံတချို့ကို ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ပြင်ဆင်ဖို့နဲ့ လက်နက်တွေ ရဖို့ အင်တာနက်ပေါ်က စာတိုထဲမှာ သူတို့က ဖော်ပြထားတယ်လို့ ရဲက ကြေညာချက် ထုတ်ပြန်ပါတယ်။  သူတို့ကို လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ပိုင်ဆိုင်မှု၊ လူမျိုးရေး အကြမ်းဖက်ဝါဒကို ထောက်ခံမှု၊ အများပြည်သူ ကျန်းမာရေးကို ထိခိုက်စေမှုနဲ့ လူမျိုးရေး မုန်းတီးမှု အခြေပြု စွဲချက်တွေအတွက် ကာတာလိုးနီးယားပြည်နယ် အယ်လ်လေးဒါမြို့ တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
5 months Ago
Up