မုံရွာနှင့် ရွှေဘို

May 2, 2021

မုံရွာနှင့် ရွှေဘိုက အရုဏ်ဦးသပိတ် အကြမ်းဖက်ဖြိုခွင်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ရွှေဘိုမြို့က အရုဏ်ဦးသပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ မေလ ၂ ရက်နေ့ ကနဦးသတင်းတွေအရ သိရပါတယ်။

မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ဘုရာနီလမ်းခေါ် အာဇာနည်လမ်းပေါ်က အရုဏ်ဦးသပိတ်စစ်ကြောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက ပိတ်ဆို့ကာ အကြမ်းဖက် ရိုက်နှက်ဆဲဆိုဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး ပြည်သူ ၃ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒါ့အပြင် ရွှေဘိုမြို့မှာလည်း အရပ်ဝတ်တွေပါဝင်တဲ့ စစ်ကောင်စီအကြမ်းဖက်တပ်တွေက အရုဏ်ဦးဆိုင်ကယ်သပိတ်စစ်ကြောင်း စုဝေးနေချိန်မှာ ကားနဲ့ဝင်တိုက်ဖမ်းဆီးတာတွေရှိခဲ့ပြီး အများအပြားဖမ်းဆီးခံရတယ်လို့ ကနဦးသိရပါတယ်။ ဖမ်းဆီးခံရသူအရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ 

သပိတ်စစ်ကြောင်း အကြမ်းဖက်ခံခဲ့ရပေမယ့် လူငယ်တွေက ဆက်လက်စုဝေးချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

ဒီနေ့က ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့အဖြစ် အနယ်နယ်အရပ်ရပ်က ပြည်သူတွေ စုပေါင်းကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက် တော်လှန်တဲ့နေ့လည်း ဖြစ်ပါတယ်။

2 months Ago
Up