မိုးကြီး

June 20, 2019

တရုတ်တောင်ပိုင်းတွင် မိုးသည်းထန်ပြီး ရေကြီးမြေပြို၊ ၁၀ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မိုးသည်းထန်ပြီး ရေကြီး မြေပြိုခဲ့တဲ့အတွက် ဇွန်လ ၁၉ ရက်နေ့က လူဆယ်ယောက်ထက်မနည်း သေဆုံးပြီး သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။ မိုးကြောင့် လင်ယွမ်မြို့နယ်မှာ တနင်္ဂနွေနှောင်းပိုင်းက မြေပြိုပြီး လူနှစ်ယောက် သေဆုံးပါတယ်။ လင်ယွမ်နဲ့ ဘိုင်ဆယ် မြို့နှစ်မြို့ကို ဆက်ထားတဲ့ လမ်းပိုင်းမှာ တောင်ကျရေကြောင့် ကား ၆ စီး ရေစီးနဲ့ မျောပါသွားပြီး ကယ်ဆယ်ရေးသမားတွေက အလောင်း ၈ လောင်း ဆယ်ယူ ရရှိခဲ့ပါတယ်။ အခုလို ဖြစ်နေတာတွေကြောင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကို တနင်္ဂနွေနေ့က ဖွဲ့စည်းဆောင်ရွက်နေသလို ရဲအရာရှိ အယောက် ၃၀၀၊ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးသမားတွေကို ရေဘေးသင့်ဒေသဆီ စေလွှတ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
2 years Ago

April 10, 2019

ဘရာဇီးတွင် မုန်တိုင်းဝင်ပြီး မိုးကြီး၊ လူ ၁၀ ဦးထက်မနည်း သေဆုံး

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာ ဧပြီ ၉ ရက်နေ့က မိုးကြီးတာကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ မုန်တိုင်းဝင်ရောက်ပြီးနောက် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ပုံမှန်မဟုတ်တဲ့ မုန်တိုင်း ဖြစ်တယ်လို့ မြို့တော်ဝန်က ပြောခဲ့ပါတယ်။ ဧပြီ ၈ ရက်နေ့ကတည်းက မိုးစရွာပြီး ၉ ရက်နေ့အထိ မိုးဟာ မတိတ်ခဲ့ပါဘူး။ မြို့ရဲ့ တချို့နေရာတွေမှာ ၄ နာရီအတွင်း မိုးရေချိန် ၈ လက်မကျော် ရွာခဲ့တယ်လို့ မြို့တော်ဝန်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ ဧပြီလ ပုံမှန်မိုးရွာသွန်းမှုထက် ၃ ဆ ရှိပါတယ်။ မိုးကြီးတာကြောင့် အဓိကလမ်းမကြီးတွေကို ပိတ်ထားပြီး မြို့ရဲ့ နေရာအတော်များများ လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေဟာလည်း မော်တော်ကားတွေထဲမှာ  ပိတ်မိနေသူတွေကို သွားရောက်ကယ်ဆယ်ခဲ့ပါတယ်။ ဒီမုန်တိုင်းဟာ နှစ်လအတွင်း ရီယိုဒီဂျနေးရိုးကို ဝင်ရောက်တဲ့ ဒုတိယမြောက်မုန်တိုင်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလတုန်းကလည်း ရီယိုမြို့ကို အားပြင်းမုန်တိုင်း ဝင်ရောက်တာကြောင့် လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
2 years Ago
More News
Up