မိုက်ခ်ပွန်ပီယို

March 14, 2019

လူ့အခွင့်အရေး ချိုးဖောက်သည့်နေရာတွင် တရုတ်နိုင်ငံ ပြိုင်ဘက်ကင်းဟု မိုက်ခ်ပွန်ပီယို ပြော

လူ့အခွင့်အရေး ချိုးဖောက်တဲ့နေရာမှာ တရုတ်နိုင်ငံက ပြိုင်ဘက်ကင်းပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ပြောလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးဆိုင်ရာ နှစ်ပတ်လည် ထုတ်ပြန်ချက်ကို ကြေညာတဲ့ မတ်လ ၁၃ ရက်နေ့ အခမ်းအနားမှာ သူက ပြောလိုက်တာပါ။ တရုတ်အစိုးရဟာ ၂၀၁၈ တနှစ်တည်းမှာပဲ နိုင်ငံအနောက်မြောက်ဘက် ရှင်းကျန်းဒေသမှာ နေထိုင်တဲ့ လူနည်းစု မွတ်စလင် ဝီဂါတိုင်းရင်းသားတွေကို အစုအပြုံလိုက်  ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒါ့အပြင် ဘာသာရေးနဲ့ လူမျိုးရေးဝါဒတွေ ဖျောက်ဖျက်ဖို့ ပုံစံထုတ်ထားတဲ့ ပညာပေးစခန်းတွေမှာ ဝီဂါတိုင်းရင်းသား တသန်းကျော် ထိန်းသိမ်းခံထားရတယ်လို့လည်း အဲဒီအစီရင်ခံစာက ဖော်ပြပါတယ်။ ဝီဂါတိုင်းရင်းသားတွေကို အဲဒီ ပညာပေးစခန်းတွေမှာ ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး အစပိုင်းမှာ တရုတ်အစိုးရက ငြင်းခဲ့ပါတယ်။ ဝီဂါတိုင်းရင်းသားတွေဟာ စခန်းတွေမှာရှိနေတာ မှန်ပေမယ့် အလုပ်သမား လေ့ကျင့်ရေးစခန်းတွေမှာ စေတနာ့ဝန်ထမ်း လုပ်နေကြတာလို့ တရုတ်အစိုးရက ပြန်ဖြေရှင်းခဲ့ပါတယ်။ အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနဲ့ အစွန်းရောက်ဝါဒတွေကို တိုက်ဖျက်ဖို့ အဲဒီပညာပေးစခန်းတွေ လိုအပ်တယ်လို့ တရုတ်အစိုးရ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲဒီစခန်းတွေက လုံခြုံရေးဝန်ထမ်းတွေ နှိပ်စက်တာကြောင့် အဖမ်းခံရသူတချို့ သေဆုံးခဲ့တယ်လို့ နိုင်ငံတကာမီဒီယာ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ စခန်းက ပြန်လွတ်လာသူတွေက ထွက်ဆိုခဲ့ကြတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တဲ့အထဲမှာ အမေရိကန်ရဲ့ မိတ်ဘက်နိုင်ငံတွေ မဟာမိတ်နိုင်ငံတွေ တချို့လည်း ပါပါတယ်။ အဲဒါတွေအားလုံးကိုလည်း ညီတူညီမျှ မှတ်တမ်းတင်ထားပါတယ်လို့လည်း ပွန်ပီယိုက ပြောခဲ့ပါတယ်။
2 years Ago

October 17, 2018

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယို ဆော်ဒီဘုရင်နှင့် တွေ့ဆုံ

ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်ကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုဟာ ဆော်ဒီဘုရင် ဆယ်လ်မန်နဲ့ အောက်တိုဘာ ၁၆ ရက်က တွေ့ဆုံပါတယ်။ ဆော်ဒီနိုင်ငံသား အမေရိကန် နေထိုင်ခွင့်ရ သတင်းထောက် ဂျမယ်လ် ခါရွှန်းအီ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဆော်ဒီဘုရင်နဲ့ရော အိမ်ရှေ့စံနဲ့ပါ ဆွေးနွေးမယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သတင်းထောက် ပျောက်ဆုံးမှုမှာ သင်းကွဲ လူသတ်သမားတွေက တာဝန်ရှိတာ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးထားပါတယ်။ အောက်တိုဘာ ၂ ရက်နေ့က သတင်းထောက် မပျောက်ခင် နောက်ဆုံးတွေ့ခဲ့တဲ့ နေရာဖြစ်တဲ့ တူရကီနိုင်ငံထဲက ဆော်ဒီကောင်စစ်ဝန်ရုံးထဲကို တူရကီ ရာဇဝတ်မှု ဖြစ်ရာနေရာ စုံစမ်းစစ်ဆေးသူတွေ ပထမဆုံးအကြိမ် ဝင်ရောက်ပြီး ၉ နာရီကြာ စစ်ဆေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မသေချာဘဲ စစ်မေးတာခံရင်း သတင်းထောက် သေဆုံးရတာဖြစ်ကြောင်း အသိအမှတ်ပြုဖို့ ဆော်ဒီအစိုးရက ပြင်ဆင်နေတယ်လို့ သက်ဆိုင်ရာက ရှာနေချိန်အတွင်း စီအန်အန်နဲ့ နယူးယောက်တိုင်းမ်စ် သတင်းဌာနတွေက အစီရင်ခံခဲ့ပါတယ်။ ဆော်ဒီအစိုးရဟာ သတင်းထောက် ပျောက်ဆုံးမှုနဲ့ မပတ်သက်ဘူးလို့ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်တည်းက ငြင်းခဲ့တာပါ။ ခါရွှန်းအီဟာ လက်ထပ်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေရဖို့ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်က တူရကီနိုင်ငံထဲက ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ဝင်သွားအပြီး ပျောက်ဆုံးခဲ့ပါတယ်။ သူဟာ အသတ်ခံရအပြီး အလောင်းဖျောက်ခံရတယ်လို့ ယုံကြောင်း တူရကီ အရာရှိတွေက ပြောထားပါတယ်။
3 years Ago
Up