မုန်တိုင်းငယ်

December 5, 2020

ရမ်မန်သာပူရမ်ခရိုင်အနီး ကမ်းခြေတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် ဆက်လက်တည်ရှိ

အိန္ဒိယနိုင်ငံ ရမ်မန်သာပူရမ် ခရိုင်အနီးကမ်းခြေမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် သိသိသာသာရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ဒီနေ့ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။  နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၈ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ ရှမ်းပြည်နယ်မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။ ရန်ကုန်မြို့နဲ့အနီးတဝိုက်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး နေပြည်တော်၊ မန္တလေးမြို့တို့နဲ့အနီးတဝိုက်တွေမှာတော့ သာယာမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
5 months Ago

November 30, 2020

မုန်တိုင်းငယ် ထရီကိုမာလီမြို့နှင့် ကန်ညာကူမာရီမြို့တို့၏ ပင်လယ်ပြင်ကို ဗဟိုပြုနေ

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၉၀ မိုင်လောက်နဲ့ အိန္ဒိယနိုင်ငံ၊ ကန်ညာကူမာရီမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၆၀၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာတော့ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁ ရက်မနက်အထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းမှာ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီး နဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာမှာဖြစ်ပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ လေပြင်းများတိုက်ခတ်စဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်၊ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ ၆ ပေမှ ၉ ပေခန့်နဲ့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၃ ပေမှ ၅ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်းမှာလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်းနဲ့ ကယားပြည်နယ်တို့မှာ ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
5 months Ago
More News
Up