မုန်တိုင်း

June 14, 2019

လေထုမငြိမ်မသက်ဖြစ်နေပြီး မုန်တိုင်းဖြစ်နိုင်ရန် အလားအလာ မြင့်တက်နေ

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ လေထုမငြိမ်မသက်ဖြစ်နေပြီး မုန်တိုင်းဖြစ်နိုင်ဖို့ အလားအလာ မြင့်တက်လာနေတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဇွန် ၁၃ ရက်ညမှာ ထုတ်ပြန်ပါတယ်။ အာရေဗျပင်လယ်မှာ ဆိုင်ကလုန်းမုန်တိုင်း VAYU ဆက်လက်ဖြစ်ပေါ်နေပြီး အိန္ဒိယကမ်းခြေကနေ ဝေးရာ အနောက်မြောက်ယွန်းယွန်းကို စတင်ရွေ့လျားနေပါတယ်။ မနေ့မနက် ၉ နာရီအချိန် KALPANA_1 ဂြိုဟ်တုမှ တိုင်းတာပေးချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး အမြင့်ပေ ၄ ပေ မှ ၇ ပေလောက် ရှိနိုင်ပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ 29°C မှ 35°C ခန့်၊ ကျန်ဒေသတွေမှာ 23°C မှ 28°C လောက်အထိ ရှိနိုင်ပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း) တို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားတဲ့ အဆင့်မှာ ရှိနိုင်ပြီး ကျန်ဒေသတွေမှာ လွန်ကဲအဆင့်မှာ ရှိနိုင်ပါတယ်။ တပြည်လုံးမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနိုင်ပြီး အလားအလာအများဆုံး ဒေသတွေကတော့ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့ ဖြစ်ကြပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ နေရာကျဲကျဲ၊ ကျန်ဒေသတွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အရ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ မိုးပိုလာနိုင်တယ်လို့ ဆိုပါတယ်။
2 years Ago

June 13, 2019

အိန္ဒိယအနောက်ဘက် ကုန်းတွင်းပိုင်းကို မုန်တိုင်းဝင်ရောက်နိုင်၊ ဒေသခံများ ရွှေ့ပြောင်း

အာရေဗျပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းတခုဟာ ဇွန်လ ၁၃ ရက်နေ့မှာ အိန္ဒိယနိုင်ငံ အနောက်ဘက် ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်တဲ့ ခန့်မှန်းချက်တွေကြောင့်  ဂူဂျာရတ်ပြည်နယ် ကမ်းရိုးတန်းတလျှောက်က သိန်းချီတဲ့ ဒေသခံတွေကို ခိုလှုံရေးစခန်းတွေဆီ ကြိုတင်ရွှေ့ပြောင်းထားပါတယ်။ လက်ရှိမှာ ဆိုင်ကလုန်းမုန်တိုင်း ဗာယူ (Vayu) ဟာ ဟာရီကိန်းမုန်တိုင်း အင်အားအဆင့် ၁ ရှိပါတယ်။ ဂူဂျာရတ်ပြည်နယ် ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ချိန်မှာတော့ တနာရီကို လေတိုက်နှုန်း ၉၆ မိုင်ကနေ အများဆုံး ၁၀၆ မိုင်နှုန်းထိ တိုက်ခတ်နိုင်ပါတယ်။ လက်ရှိမှာတော့ မုန်တိုင်းဝင်ရောက်မယ့် လမ်းကြောင်းမှာ ရှိနေတဲ့ ဒေသခံ သုံးသိန်းနီးပါးကို ခိုလှုံရေးစခန်းတွေဆီ ကနဦး ကြိုတင်ရွှေ့ပြောင်းထားတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။ မုန်တိုင်းကြောင့် အပျက်အစီး များခဲ့မယ်ဆိုရင် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယစစ်တပ်နဲ့ အမျိုးသား သဘာဝဘေး တုံ့ပြန်ရေးတပ်ဖွဲ့ဆီ အကူအညီ တောင်းထားတယ်လို့လည်း ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ မေလက အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းကို မုန်တိုင်းအင်အား အဆင့် ၄ ရှိတဲ့ ဆိုင်ကလုန်းဖန်နီ ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူ ၃၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၁ သန်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
2 years Ago
More News
Up