မီးတောင်

September 19, 2021

စပိန်လာပယ်လ်မာကျွန်းတွင် သိပ္ပံပညာရှင်များ မီးတောင်အန္တရာယ် အချက်အလက်ရှာဖွေ

စပိန်နိုင်ငံ လာပယ်လ်မာကျွန်းပေါ်မှာ သိပ္ပံပညာရှင်တွေဟာ မီးတောင် အန္တရာယ်နဲ့ပတ်သက်ပြီး   စက်တင်ဘာ ၁၈ ရက်က သတင်းအချက်အလက်တွေ ကောက်ယူနေကြပါတယ်။

ဒီသီတင်းပတ်ထဲမှာ ငလျင်လှုပ်အပြီး အတ္တလန္တိတ် သမုဒ္ဒရာထဲက ကျွန်းပေါ်မှာ မီးတောင် အန္တရာယ်သတိပေးချက် ထုတ်ပြန်ခဲ့အပြီးမှ သုတေသနတွေကို ပိုတိုးလုပ်နေ ကြတာပါ။

သိပ္ပံပညာရှင်တွေဟာ ကျွန်းရဲ့ တောင်ပိုင်းက ကမ်ဘရေ ဗေးဂျာ အမျိုးသား ဥယျာဉ်ထဲမှာ မြေပြင်တုန်ခါမှု အကြိမ်ရေ ၄၀၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ ပါတယ်။

အဲဒီနောက် အာဏာပိုင်တွေက မီးတောင်ပေါက်နိုင်ခြေအတွက် အဆင့်လေးဆင့်ရှိတဲ့ တပ်လှန့် သတိပေးစနစ်အတွင်း ဒုတိယဖြစ်တဲ့ အဝါရောင်အဆင့် သတိပေးချက်ကို စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စနေမနက် ၃ နာရီခွဲ လောက်ကလည်း  အင်အား ရစ်ချတ်တာစကေး ၃ ဒသမ ၂ ရှိတဲ့ ငလျင်လှုပ်ခဲ့ ပေမဲ့ အပျက်အစီးတော့ မရှိပါဘူး။

ဒေသခံတွေကတော့ မြေပြင် တုန်ခါနေတာကို ခံစားမိခဲ့ကြပါတယ်။ ဒေသတွင်းကနေ ဘေးကင်းရာကို အမြန်ရွှေ့ပြောင်းနိုင်ဖို့ အာဏာပိုင်တွေက ဒေသခံတွေကို မရှိမဖြစ် ပစ္စည်းတွေနဲ့ ဖုန်းပါတဲ့ အရေးပေါ် အိတ်တွေ ပြင်ဆင်ထားဖို့ သောကြာနေ့မှာ အကြံပြုခဲ့ပါတယ်။

၁၉၇၁ ခုနှစ်က ဒီမီးတောင် နောက်ဆုံး အကြီးအကျယ် ပေါက်ခွဲခဲ့ဖူးပြီး မီးတောင် ချော်ရည် ကုဗမီတာ ၁၁ သန်းဟာ ကမ်ဘရေဗေးဂျာ တောင်ကြောတလျှောက် စီးဆင်းခဲ့ပါတယ်။

စပိန်ရဲ့ ဘူမိဗေဒနဲ့ သတ္ထုရေးရာတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ သိပ္ပံဆိုင်ရာ ဒရုမ်းယာဉ်တွေကို စနေနေ့မှာ လွှတ်တင်ခဲ့ပြီး အခြေအနေနဲ့ပတ်သက်လို့ ရနိုင်သမျှ အချက်အလက် အားလုံးနဲ့ မြေပြင် အပြောင်းအလဲကို စောင့်ကြည့်ခဲ့ပါတယ်။

တကယ်လို့ဘေးကင်းရာ ရွှေ့ပြောင်းရမယ်ဆိုရင် လူအယောက် လေးသောင်းလောက်ကို နေရာ ရွှေ့ပေးရလိမ့်မယ်လို့လည်း တွက်ချက်ထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

2 months Ago

January 13, 2020

ဖိလစ်ပိုင် မီးတောင်မှ ပြာမှုတ်ထုတ်သဖြင့် ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်း

ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာရဲ့တောင်ဘက်က တာလ်လို့ခေါ်တဲ့ မီးတောင်တလုံးဟာ ဇန်နဝါရီ ၁၂ ရက်က  ပြာတွေကို မှုတ်ထုတ်ခဲ့တာကြောင့် ဒေသခံ ၈၀၀၀ လောက်ကို ဘေးကင်းရာရွှေ့ပြောင်းဖို့နဲ့ တပ်လှန့်တဲ့အဆင့် တိုးမြှင့်ဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့ပါတယ်။ ကျောက်ရည်ပူတွေ မငြိမ်မသက်ဖြစ်လို့ သီတင်းပတ်တွေအတွင်း အန္တရာယ်ရှိလောက်အောင် ပေါက်ကွဲစေနိုင်တဲ့အဆင့်ကို ကိုယ်စားပြုတဲ့အဆင့် ၃အထိ ဖိလစ်ပိုင်မီးတောင်နဲ့ ငလျင်ဗေဒဌာနက တိုးမြှင့် တပ်လှန့်ထားပါတယ်။ မီးတောင်ကပြာတွေကို ကောင်းကင်ယံအမြင့် တမိုင်လောက်ထိ မှုတ်ထုတ်နေလို့ ပတ်ဝန်းကျင်မှာ ပြာတွေ ကျလာတယ်လို့လည်း ဌာနက ပြောပါတယ်။  မီးတောင် ပေါက်ကွဲပြီး ပြာတွေ မှုတ်ထုတ်နေပုံကို အနားက တာဂေတေမြို့ကနေ လှမ်းမြင်နိုင်ပါတယ်။ ဒါကြောင့် သီတင်းပတ်ကုန် အားလပ်ရက်အတွင်း ကမ္ဘာလှည့်ခရီးသည်တွေ ဒီမြို့ကို စုပြုံရောက်လာပြီး မီးတောင်ပေါက်တာကို ကြည့်ခဲ့ကြပါတယ်။
2 years Ago
Up