မီနီယာပိုလစ်မြို့

June 22, 2020

အမေရိကန်တွင် သေနတ်ပစ်မှုကြောင့် ၁ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်၊ မီနီယာပိုလစ်မြို့မှာ ဇွန်လ ၂၁ ရက်က သေနတ်ပစ်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရတယ်လို့ ရဲက တရားဝင်တွစ်တာ လူမှုကွန်ရက်ကနေ ပြောပါတယ်။ သေနတ်ဒဏ်ရာရ လူ ၁၁ ယောက်ကို ဒေသန္တရဆေးရုံတွေဆီ ပို့ထားပြီး အသက်ဘေး မစိုးရိမ်ရဘူးလို့  မီနီယာပိုလစ်စ်ရဲတွေက တွစ်တာကတဆင့် ပြောပါတယ်။ ပစ်ခတ်မှုအပြီး စတိုးဆိုင် ပြတင်းပေါက်တွေ ပျက်စီးအပြီး အခင်းဖြစ်ရာကို ရဲကားတွေ အတော်များများ ရောက်လာတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။  ပစ်ခတ်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ 
11 months Ago

June 9, 2020

မီနီယာပိုလစ်မြို့ရဲဌာနကို ဖျက်သိမ်းမည်ဟု မြို့ကောင်စီဝင်အများစု ကတိပြု

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် မီနီယာ ပိုလစ်မြို့ကောင်စီဝင်အများစုက ရဲဌာနကို ဖျက်သိမ်းမယ်လို့ ဇွန် ၇ ရက်က ကတိပြုလိုက်ပါတယ်။ မီနီယာပိုလစ်ရဲဌာနဟာ ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့ မရနိုင်တာကြောင့် ဖျက်သိမ်းဖို့ မြို့ကောင်စီဝင်အများစုက သဘောတူခဲ့ပြီး ရဲစနစ်ကို အဆုံးသတ်တော့မယ်လို့ မြို့ကောင်စီဝင်တယောက်က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ရဲဌာနအစား လူ့အဖွဲ့အစည်းက ခေါင်းဆောင်တဲ့ ဘေးကင်းရေး ကနဦးလှုပ်ရှားမှုတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတယ်လို့ ကောင်စီဝင်တွေက ပြောပါတယ်။ လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်ရဲ့ လည်ပင်းကို လူဖြူရဲအရာရှိက ဒူးနဲ့ ၉ မိနစ် နီးပါး ဖိထားရာမှ သေဆုံးခဲ့လို့ အမေရိကန်မှာသာမက ကမ္ဘာတလွှားမှာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး လူထု ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဖလွိုက်ဒ်က ရဲကို ကျနော် အသက်မရှူနိုင်တော့ဘူးလို့ တောင်းပန်ပြောနေချိန် အနားမှာ ရပ်နေသူတယောက်က လက်ကိုင်ဖုန်းနဲ့ ရုပ်သံရိုက်ယူထားခဲ့ပါတယ်။ တခြား ရဲအရာရှိ ၂ ယောက်က ဖလွိုက်ကို ကူချုပ်ထားခဲ့ပြီး လေးယောက်မြောက် ရဲက ရပ်ကြည့်နေသူတွေနဲ့ တခြားအရာရှိတွေကို စောင့်ကြည့်နေခဲ့တာကို ရုပ်သံထဲမှာ တွေ့ရပါတယ်။
11 months Ago
Up