မိုးသက်လေပြင်း

January 31, 2021

မိုးညိုနှင့်အုတ်ဖိုတွင် မိုးသက်လေပြင်းကြောင့် ​နေအိမ် ၅၀ ခန့်ပြိုကျ၊ ၃၀၀ ကျော် အမိုးလန်ပျက်စီး

ပဲခူးတိုင်း၊ မိုးညိုနဲ့ အုတ်ဖိုမြို့နယ်တို့မှာ အချိန်အခါမဟုတ် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ​နေအိမ် ၅၀ လောက် ပြိုကျခဲ့ပြီး နေအိမ် ၃၀၀ ကျော် အမိုးလန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မိုးညိုမြို့နယ်မှာ ဇန်နဝါရီ  ၃၀ ရက်နေ့ က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၄၀ ပြိုကျပြီး စာသင်ကျောင်း ၁ ကျောင်း နဲ့  နေအိမ် ၁၈၀ ကျော် အမိုးလန်ပျက်စီးခဲ့တယ်လို့ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။

မိုးညိုမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က “မနေ့က နေ့လယ်ပိုင်းလောက်ကစပြီး မိုးသက်​လေပြင်း ကျရောက်ခဲ့တာကြောင့် ကျေးရွာအုပ်စု ၁၁ အုပ်စုက ရွာပေါင်း ၂၆ ရွာက အိမ်တွေ ပြိုတယ်၊ အမိုးတွေလန်တယ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးမှုတွေ ဖြစ်သွားတယ်။ ကရင်ချောင်းကုန်းရွာက ကွာရန်တင်းလုပ်ထားတဲ့ စာသင်ကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးသွားတဲ့အတွက် ကွာရန်တင်းဝင်နေတဲ့လူတွေကိုတော့ နေရာရွှေ့ပေးထားပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာန နဲ့ ချိတ်ဆက်ပြီး ပြုပြင်ပေးနိုင်ဖို့အတွက် အမြန်ဆုံး ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

အချိန်အခါမဟုတ် မိုးသက်လေပြင်း ကျရောက်မှုကြောင့် မြေဇာအုပ်စု၊ ပတ္ထော်၊ ငါးကယ်၊ မြောက်လုပ်ကုန်း၊ ကျွန်းညို၊ ရွာသာယာ၊ ထန်းပင်ကုန်း၊ ဆုံကုန်း၊ အိုးဘိုကျွန်း၊ ကရင်ချောင်း၊ ရေကင်းနဲ့ ညောင်လေးပင် စတဲ့ ကျေးရွာအုပ်စုတွေက နေအိမ်တွေ ပြိုကျ အမိုးလန် ပျက်စီးခဲ့တာပါ။

မနေ့က ညနေပိုင်းကလည်း သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃ အုပ်စုမှာ နေအိမ် ၆ လုံး ပြိုကျခဲ့ပြီး နေအိမ် ၁၂၀ ကျော်နဲ့  စာသင်ကျောင်းအချို့ အမိုးလန်ပျက်စီးခဲ့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ သိရပါတယ်။

မိုးရာသီကာလမှာတော့ နှစ်စဥ်နှစ်တိုင်း လေပြင်းကျရောက်တာတွေ ဖြစ်ပေါ်လေ့ ရှိပေမဲ့ အခု​ကျရောက်သော မိုးသက်လေပြင်းကတော့ အချိန်အခါမဟုတ်ဘဲ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း - ဝဏ္ဏထွန်း၊ ဓာတ်ပုံ - ဒေသခံ

3 months Ago

November 5, 2020

ရေစကြိုမြို့နယ်၌ မိုးသက်လေပြင်းကြောင့် လူနေအိမ်များ အမိုးလန်၊ သစ်ပင်ကြီးများလဲကျ 

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ နိုဝင်ဘာ ၄ ရက် ညနေက မိုးသက်လေပြင်းကျရောက်တာကြောင့် သစ်ပင်ကြီးတွေပြိုလဲတာ၊ လူနေအိမ်တွေ သစ်ပင်ပိတနဲ့ လူနေအိမ်တချို့ အမိုးလန်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ရေစကြိုမြို့နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်။ ​မိုးသက်လေပြင်းကျရောက်တာကြောင့် ရေစကြိုမြို့နယ်၊ မြေဖြူကျေးရွာမှာ လူနေအိမ် ၁ လုံး မန်ကျည်းပင်ပိလို့ ပျက်စီးသွားပြီး၊  ပခုက္ကူ-မန္တလေးကားလမ်းမပေါ်မှာရှိတဲ့ မြေဖြူကျေးရွာနံဘေး ကားလမ်းမပေါ်နဲ့ ရေစကြိုမြို့ဝင်လမ်းထိပ်မှာ သစ်ပင်းကြီးတွေလဲကျလို့ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးညီညီအောင်က "မိုးသက်လေပြင်းကျတယ်။ ကျတဲ့အခါကျတော့ မြေဖြူမုံညှင်းကျေးရွာအုပ်စု ​မြေဖြူကျေးရွာ မှာ လူနေအိမ် ၁ လုံးမန်ကျည်းပင်ပိတယ်။ ပခုက္ကူ-မန္တလေးကားလမ်းမကြီး မြေဖြူရွာအနီးမှာက လုံးပတ် ၆ ပေအမြင့်ပေ ၆၀ ကျော်ရှိတဲ့ ထနှောင်းပင်တစ်ပင်ရယ်၊ လုံးပတ်က ၄ ပေကျော်ရှိတဲ့အမြင့်ပေ ၄၀ ကျော်ရှိတဲ့ ထနှောင်းပင်တစ်ပင်ရယ် ထနှောင်းပင် ၂ ပင် ၂နေရာ လဲတယ်။ လဲပြီးတော့ လမ်းပိတ်ဆို့မှုဖြစ်တယ်။ အချိန် ၂ နာရီခွဲလောက်တော့ ကြာသွားမယ်။ ဦးတို့သွားရှင်းပေးတယ်၊ အိမ်သစ်ပင်ပိတာတွေလည်း ရှင်းပေးတယ်။ ရေစကြိုမြို့ဝင်လမ်းမမှာ သစ်ပင်တစ်ပင်လဲတယ်၊ ဦးတို့ ရှင်းလင်းဆောင်ရွက်ခဲ့ပါတယ်''လို့ ပြောပါတယ်။ မိုးသက်လေပြင်းကျရောက်တာကြောင့် မြေ​ဖြူကျေးရွာမှာ လူနေ အိမ် ၆ လုံး၊ မြေစွန်းတော်ကျေးရွာအုပ်စု မြေစွန်းတော်မှာ လူနေအိမ် ၆၀ ကျော်၊ မြေစွန်းတော်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာမှာ လူနေအိမ် ၄၀ ကျော် နေအိမ် အမိုးလန်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် မြေစွန်းတော်ကျေးရွာအုပ်စု ရွှေလှန်ကျေးရွာမှလည်း လူနေအိမ်အမိုးလန်တာတွေ ရှိခဲ့ပြီး ပျက်စီးသွားတဲ့ နေအိမ်တွေကို စာရင်းကောက်နေဆဲ ဖြစ်တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ သတင်း - အိဝါမောင်၊ ဓာတ်ပုံ - မြို့နယ်မီးသတ်ဦးစီးမှူး
6 months Ago
More News
Up