မိုးကြိုးပစ်ခံရမှု

July 13, 2021

အိန္ဒိယတွင် ကလေးများအပါအဝင် လူ ၁၈ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

အိန္ဒိယနိုင်ငံ၊ အနောက်မြောက်ပိုင်း၊ ရာဂျက်စသန်ပြည်နယ်မှာ ဇူလိုင် ၁၁ ရက်က မိုးကြိုးပစ်လို့ ကလေး ၇ ယောက် အပါအဝင် လူ ၁၈ ယောက်ထက် မနည်း သေဆုံးပြီး တခြား လူ ၁၆ ယောက် ဒဏ်ရာရတယ်လို့ ဒေသန္တရ အရာရှိတွေက ပြောပါတယ်။

သေဆုံးသူ ၁၁ ယောက်ဟာ ပြည်နယ်ရဲ့ မြို့တော် ဂျိုင်ပူရ်ရဲ့ မြို့စွန်က အာမာခံတပ်ကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ဖြစ်ပြီး သူတို့ရှိရာနေရာ နားက မျှော်စင်ကို မိုးကြိုးပစ်လို့ သေဆုံးတာလို့ ရိုက်တာ သတင်းဌာနကရေးပါတယ်။

 သေဆုံးသူ အများစုဟာ ပြည်တွင်းခရီးသည်တွေလို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက မိုးကြိုးပစ်တဲ့ နေရာကို ဇူလိုင် ၁၂ ရက်မှာ စစ်တမ်းကောက်ခဲ့တယ်လို့ ရိုက်တာရဲ့ မိတ်ဖက် ANI သတင်းဌာနမှာဖော်ပြပါတယ်။

2 weeks Ago

January 19, 2021

ဧရာဝတီတိုင်းတွင် ၂၀၂၀ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် ၃၇ ဦးသေဆုံး

ဧရာတိုင်းမှာ ၂၀၂၀ ပြည့်နှစ်အတွင်း မိုးကြိုးပစ်ခတ်မှု ၃၇ ကြိမ်အထိရှိခဲ့ပြီး လူအယောက် ၃၇ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရှိခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။ မိုးကြိုးပစ်ခံရလို့ သေဆုံးဒဏ်ရာရရှိသွားသူတွေဟာ ပုသိမ်ခရိုင်မှာ ၈ ဦး၊ ဖျာပုံခရိုင်မှာ ၉ ဦး၊ လပွတ္တာခရိုင်မှာ ၆ ဦး၊ မအူပင်ခရိုင်မှာ ၄ ဦး ဟင်္သာတခရိုင်နဲ့ မြောင်းမြခရိုင်မှာ ၅ ဦးစီ သေဆုံးခဲ့တာပါ။ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က “ကွင်းပြင်တွေဖြစ်တဲ့အခါကျတော့ မိုးကြိုးပစ်ဖို့များတာပေါ့။ အီလက်ထရောနစ် ပစ္စည်းတွေ ကြောင့် မိုးကြိုးပစ်တဲ့သဘောလည်းရှိတယ် မိုးကြိုးဘေးကို ဂရုစိုက်သင့်ပါတယ်"လို့ ပြောပါတယ်။ မိုးကြိုးအပစ်ခံရမှုကြောင့် သေဆုံးခဲ့သူတွေအတွက် ၁ ဦးကို ၃ သိန်းနှုန်းနဲ့ ဒဏ်ရာရသူတွေအတွက် ၁ ဦးကို ၅ သောင်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ မိုးကြိုးအပစ်ခံရလို့ သေဆုံးသူတွေထဲမှာ တဝက်လောက်က လယ်ယာအလုပ်လုပ်ကိုင်သူတွေ ဖြစ်ပြီး ကျန်တဲ့လူတွေကတော့ ကွင်းပြင်ထဲသွားလာစဉ်မှာ အပစ်ခံရတာ များတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာ ၂၀၁၉ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူဦးရေ ၁၃ ဦး နဲ့ ဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
6 months Ago
Up