မိုးကြိုးထိမှန်သေဆုံး

June 3, 2020

ရေဦးမြို့နယ်တွင် မိုးသက်လေပြင်းကျပြီး ကလေးငယ် ၁ ဦး မိုးကြိုးထိမှန်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်မှာ မေလ ၂ ရက် ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်ခဲ့ကာ နေအိမ်တချို့ ပြိုကျခဲ့ပြီး ကလေးငယ်တစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့ပါတယ်။ မိုးသက်လေပြင်းကြောင့် ရေဦးမြို့နယ်အတွင်းက နေပူကုန်း၊ တာတိုင်၊ အောင်ကဲ့ဇင်၊ အင်တော၊ လိန်တော၊ ညောင်နီကန်နဲ့ အုတ်ဖိုကျေးရွာတွေမှာ နေအိမ် ၄ လုံး ပြိုကျပျက်စီးခဲ့ပြီး ၂၄ လုံးမှာ အမိုးလန်ပျက်စီးခဲ့ကာ ငွေကျပ်သိန်း ၁၀၀ ခန့်ဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် အင်းကြီးကျေးရွာမှာလည်း မိုးကြိုးပစ်ခတ်လို့ အသက် ၁၂ နှစ် အရွယ်ကလေးငယ် တစ်ဦး မိုးကြိုးစက်ကွင်းမိကာ သေဆုံးခဲ့ပါတယ်။ မိုးသက်လေပြင်းကြောင့် သစ်ပင်ပြိုလဲတာတွေ၊ နေအိမ်ပြိုကျတာတွေ၊ အမိုးလန်တာတွေကို မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံပြည်သူတွေပူးပေါင်းကာ ဝိုင်းဝန်းရှင်းလင်းခဲ့ရပါတယ်။  လေဘေးသင့်အိမ်ထောင်စုတွေကိုတော့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ ထောက်ပံ့ကြေးတွေ လိုက်လံပေးဝေနေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က "ဒီနှစ်က မနှစ်ကထက် စာရင်တော့ လေဘေးကျရောက်မှုက နောက်ကျသလို အကြိမ်ရေလည်း နည်းသေးတယ်။ မုတ်သုန်အဝင်လည်း နောက်ကျတဲ့အတွက် နောက်ထပ်လည်း ကျန်ဦးမယ်လို့တော့ မျှော်လင့်တယ်။ မိုးကြိုးဘေးလည်း နည်းတယ်။ ဒီနှစ်က ၇ ကြိမ်ပဲ ရှိသေးတယ်။ မီးဘေးတော့ ခပ်စိပ်စိပ်ဖြစ်လာတာတွေ့ရတယ်။ ကမ်းပြိုကတော့ ကသာဘက်မှာ နည်းနည်းစီဖြစ်နေတယ်။ ငလျင်ကလည်း စိပ်တော့စိပ်တယ်။ ဒါပေမယ့် ကြီးကြီးမားမား ထိခိုက်ပျက်စီးတဲ့အထိတော့ မဖြစ်သေးဘူး။ မနှစ်ကလောက် မဆိုးသေးဘူးပေါ့။"လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းဘေးအန္တရာယ်ဖြစ်ပွားမှုအနေနဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၀ မေလအထိ လေဘေး၊ မီးဘေး၊ ကမ်းပြိုဘေး၊ မိုးကြိုးဘေးစတဲ့ ဘေးအန္တရာယ်ဖြစ်ပွားမှု ၂၂၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၂၉၅၃ စု ဘေးသင့်ခဲ့ကာ ၁၄ ဦးသေဆုံးခဲ့ပါတယ်။  ဘေးသင့်အိမ်ထောင်စုတွေအတွက် အစိုးရက ငွေကျပ်သိန်းပေါင်း ၁၇၂၅ သိန်းကျော်ထောက်ပံ့ပေးထားပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ စစ်ကိုင်းတိုင်းအတွင်း ဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် အိမ်ခြေ ၃၀၀၀ ကျော် ဘေးဒုက္ခရောက်ခဲ့ကြပါတယ်။
11 months Ago

May 11, 2020

ရမည်းသင်းတွင် လေပြင်းကြောင့် နေအိမ် ၄၂ လုံး ပျက်စီး၊ နွား ၅ ကောင် မိုးကြိုးထိမှန်သေဆုံး

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာ မေလ ၁၀ ရက် နေ့လယ်က မိုးသက်လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၄၂ လုံး အမိုးလန်ပျက်စီးခဲ့ပြီး နွား ၅ ကောင် မိုးကြိုးထိမှန်သေဆုံးခဲ့ပါတယ်။ ရမည်းသင်းမြို့နယ် ရွှေစည်းခုံရပ်ကွက် အောင်မင်္ဂလာရပ်ကွက်၊ ဝါးတိုးရပ်ကွက်၊ မြို့မရပ်ကွက်၊ အိုင်တိုကျေးရွာအုပ်စု ဆတ်ထိုးကြီး ကျေးရွာအုပ်စု လွှစင်ကျေးရွာအုပ်စု ဆည်ကန်ကျေးရွာအုပ်စု ဆည်ကြီးအုပ်စုတို့မှာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့တာဖြစ်ပြီး သစ်ပင်တွေနဲ့ လမ်းမီးတိုင် ၁၂ တိုင်လည်း လဲကျခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသုရလင်းက ပြောပါတယ်။ "သစ်ပင်တွေ လဲကုန်တယ်၊ လမ်းမီးတိုင်တွေ လဲကုန်တယ်။ မိုးကြိုးပစ်လို့ နွား ၅ ကောင် သေဆုံးသွားတယ်။ လူနေအိမ်တွေ အမိုးလန် ပျက်စီးတယ်။ လေဘေးသင့်သူတွေကိုတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေနဲ့ စီစဉ်ပြီး သင့်တော်ရာကို နေရာချထားပေးပါတယ်။" ကနဦးသတင်းတွေအရ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၁၇၃ သိန်းကျော်တယ်လို့ ခန့်မှန်းထားပါတယ်။ သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-မြို့နယ်မီးသတ်တပ်ဖွဲ့
12 months Ago
Up