မိုဘမ်ဘစ်

March 14, 2020

မုန်တိုင်းဒဏ်ခံ အာဖရိက ၃ နိုင်ငံရှိ လူ ၂ သန်းအတွက် စားနပ်ရိက္ခာများ လိုအပ်ဆဲ

အာဖရိကအရှေ့ပိုင်းနိုင်ငံ ၃ ခုကို ဆိုင်ကလုန်း အိုင်ဒေး ဝင်ရောက်တာ မတ်လ ၁၄ ရက်ဆို တနှစ်ပြည့်သွားပြီ ဖြစ်ပေမဲ့ မုန်တိုင်းဒဏ်ခံ လူ ၂ သန်းအတွက် စားနပ်ရိက္ခာတွေ လိုအပ်ဆဲပဲလို့ သိရပါတယ်။ ဆိုင်ကလုန်း အိုင်ဒေးဟာ မိုဘမ်ဘစ်၊ ဇမ်ဘီယာနဲ့ ဇင်ဘာဘွေနိုင်ငံတွေကို ဝင်ရောက်ခဲ့ပြီး မိုဇမ်ဘစ်နိုင်ငံ ဘေးရာဆိပ်ကမ်းဟာ ဆိုင်ကလုန်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရတာပါ။ တနှစ်ပြည့်ပြီဖြစ်ပေမယ့်လည်း လူပေါင်းထောင်ချီပြီး ယာယီစခန်းတွေမှာ နေထိုင်ရဆဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အဘိုးအို ဗတ်စ်ကိုဂတ်စ်ပါလည်း အပါအဝင် ဖြစ်ပြီး ဘေးရာဆိပ်ကမ်းကနေ မိုင် ၄၀ အကွာ နာမာတန်ဒါခရိုင်က ယာယီစခန်းမှာ တယောက်တည်း နေထိုင်နေပါတယ်‌။ မုန်တိုင်းကျတုန်းက နံရံပိပြီး ရခဲ့တဲ့ဒဏ်ရာကြောင့် အခုအခါ ထော့နဲ့ ထော့နဲ့ လမ်းလျှောက်နေရတာပါ။ အဘိုးအို ဂတ်စ်ပါအနေနဲ့ လစဉ် ရိက္ခာရရှိရမှာ ဖြစ်ပေမယ့် တခါတလေ ရိက္ခာနောက်ကျတတ်တယ်လို့ သူက ပြောပါတယ်။ မိုဇမ်ဘစ်အစိုးရဟာ ယာယီစခန်းကို အမြဲအခြေချနေရာ ပြောင်းဖို့ စီစဉ်ထားပါတယ်။ လောလောဆယ်မှာတော့ မုန်တိုင်းသင့် ပြည်သူတွေဟာ တဲတွေ၊ ယာယီစခန်းတွေမှာ နေနေရပြီး ကိုယ့်စိုက်ခင်းတွေမှာ သီးနှံတွေ စိုက်ပျိုးနေရပါတယ်။ မိုဇမ်ဘစ်နိုင်ငံမှာ လူတသိန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်လို့လည်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများ အဖွဲ့က ၂၀၁၉ ဒီဇင်ဘာလမှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် လူ နှစ်သန်းဟာ စားနပ်ရိက္ခာအကူအညီ လိုအပ်နေပြီး သူတို့အားလုံးရရှိအောင် ကြိုးပမ်းနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ပြောခဲ့ပါတယ်။
1 year Ago
Up