မိုင်းလုံ

September 26, 2021

မိုင်းလုံမြို့တွင် တိုက်ပွဲဖြစ်၊ ရွာလုံးကျွတ်ထွက်ပြေး

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းလုံမြို့က ပန်ယက္ခရွာမှာ စက်တင်ဘာ ၂၅ ရက်နေ့ညနေပိုင်းက TNLA တပ်ဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပူးပေါင်းတပ်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာသူရွာသားတွေ မိုင်းလုံမြို့ပေါ်ကို ရှောင်တိမ်းလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံတစ်ဦးက "ရုတ်တရက်ကြီးလက်နက်ကြီးနဲ့ ထပစ်တာ၊ ဘုန်းကြီးကျောင်းထိသွားတယ်၊ ဘုန်းကြီးကျောင်းထိတာနဲ့ ရွာကအကုန်ပြေးကြတာ၊ ဘာမှတောင်ယူချိန်မရဘူး" လို့ ပြောပါတယ်။

ပန်ယက္ခရွာက ရွာသူရွာသားတွေအကုန် ​မြို့ပေါ်ကိုတိမ်းရှောင်နေရပြီး ရွာထဲမှာ အသက်ရွယ်ကြီးရင့်သူနဲ့ မပြေးနိုင်သူတစ်ချို့သာ ကျန်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။ 

“ရွာထဲမှာ အသက်ရွယ်ကြီးရင့်သူတွေပဲ ကျန်ခဲ့တယ်၊ မကျန်းမာသူတွေကော ရုတ်တရက်ဆိုတော့ ဘာမှမစီစဥ်ထားဘဲ ပြေးရတာ၊ စားနပ်ရိက္ခာလည်း မပါလာကြဘူး။” 

ပန်ယက္ခရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး တိုက်ပွဲဖြစ်တာကြောင့် ရွာသူရွာသားတွေ အကုန်လုံးနီးပါး မိုင်းလုံမြို့ပေါ်ကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

နှစ်ဖက်တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုအခြေနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

2 months Ago
Up