မိုင်းပေါက်ကွဲ

March 28, 2021

မြစ်ကြီးနားခရိုင် ပညာရေးမှူးရုံး မိုင်းပေါက်ကွဲ၊ နယ်မြေရဲစခန်း မီးကွင်းပစ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်က ခရိုင်ပညာရေးမှူးရုံးမှာ မတ်လ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲကျော်က မိုင်းပေါက်ကွဲခဲ့ပြီး အောင်နန်းရပ်ကွက်အတွင်းမှာရှိတဲ့ နယ်မြေရဲစခန်းကိုလည်း မီးကွင်းပစ်ခံရတယ်လို့ ပတ်ဝန်းကျင်အနီးနားကအိမ်ရှင်များထံကနေ သိရပါတယ်။

“အရမ်းကျယ်တဲ့ ပေါက်ကွဲတဲ့အသံကြားရတယ်။ မြေကြီးတွေ အိမ်တွေရောတုန်သွားတယ်။ ရဲကား စစ်ကားနဲ့ ရေကားတွေ အင်အားအများကြီးနဲ့ ရောက်လာတယ်။ အစောင့်ဦးလေးတော့ လက်မှာ ဒဏ်ရာနည်းနည်းရသွားတယ်လို့ကြားတယ်။ တံခါးမှန်တွေလည်းကွဲသွားတယ်” လို့ အိမ်ပတ်ဝန်းကျင်အနီးနားက အိမ်ရှင်တစ်ဦးက ပြောပါတယ်။

အောင်နန်းရပ်ကွက်က နယ်မြေရဲစခန်းကိုတော့ မွန်းတည့် ၁၂နာရီကျော်က မီးကွင်းပစ်ခံခဲ့ရပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိဘူးလို့သိရပြီး ရဲစခန်းပတ်ပတ်လည်ကိုတော့ ဒီနေ့ ညနေမှာ လုံခြုံရေး တင်းကျပ်စွာချထားတာကို တွေ့မြင်နေရတယ်လို့ ရပ်ကွက်နေသူများထံကနေ သိရပါတယ်။

မြစ်ကြီးနားမြို့ကရပ်ကွက်တွေထဲမှာ ဒီနေ့မနက်ကလည်း ဆန္ဒပြတဲ့ သူတွေကို ရဲနဲ့ စစ်တပ်ရဲ့လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ဖမ်းဆီးခံရသူများလည်းရှိနေပါတယ်။

2 months Ago

July 22, 2020

မြဝတီခရိုင်တွင် မိုင်းပေါက်ကွဲပြီး ကျောင်းသား ၄ ဦးဒဏ်ရာရ၊ ၁ ဦးစိုးရိမ်ရ 

မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီခရိုင် ထီးဝါ့ကလေ့ကျေးရွာအုပ်စု၊ သေ့ဝါ့ပူကျေရွာအနီး လယ်ကွက်ထဲမှာ  ဇူလိုင် ၂၁ ရက် မွန်းလွဲ ၁၂ နာရီကျော်လောက်က မိုင်းဟောင်း တစ်လုံးပေါက်ကွဲပြီး ကျောင်းသား လူငယ်  ၄ ဦး ဒဏ်ရာရသွားပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့်  စောဆာသူးလေ ၁၃ နှစ်၊ စောပေါ်ကူ ၁၂ နှစ်၊  စောမောင်ခန့် ၁၄ နှစ်နဲ့  စောကျော်ကလယ် ၁၃ နှစ်တို့ ၄ ဦးမှာ ဒဏ်ရာအသီးသီးရရှိပြီး   မြဝတီမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။ စောဆာသူးလေကတော့ ယာဘက် လက်ကောက်ဝတ်ပြတ်ဒဏ်ရာ၊ မျက်လုံးဒဏ်ရာနဲ့ ဦးခေါင်းမှာ မိုင်းစထိမှန်ဒဏ်ရာတို့ရရှိပြီး  စိုးရိမ်ရတဲ့ အခြေအနေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ခံယူဖို့ စီစဉ်နေပါတယ်။ အဆိုပါ ကလေးငယ်တွေဟာ ရွာအနီးရှိ ယခင်လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ရဲ့ စခန်းဟောင်းနေရာမှာ သွားရောက်နွားကျောင်း နေစဉ် မိုင်းဟောင်းကိုထိမိလို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရှိခဲ့တဲ့ လူငယ်တွေကို  အစိုးရဌာနဆိုင်ရာတွေနဲ့  စေတနာရှင်တွေက ဆေးဝါးကုသ စရိတ် ငွေတွေ ထောက်ပံ့ကူညီပေးထားပါတယ်။  ဇူလိုင်လ ၁၉ ရက်နေ့ကလည်း  မြဝတီမြို့ အမှတ် ၃ ရပ်ကွက်ထဲမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး  ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။  သတင်း - ဖိုးစီ
10 months Ago
More News
Up