မိုင်းဆွဲ

January 21, 2022

မုံရွာမြို့တောင်ဘက် မြေနဲရွာအနီး စစ်ကောင်စီယာဉ်တစ်စီး မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့တောင်ဘက်၊ မြေနဲ့ကျေးရွာနဲ့ မင်းရွာကြားမှာ ဇန်နဝါရီ ၂၀ ရက်နေ့ညနေ ၆ နာရီကျော်လောက်က ပေါက်ကွဲမှုတခုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဘက်က အကျဆုံးရှိနိုင်ပြီး မိုင်းဆွဲခံရတဲ့နေရာကနေ သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ဒေသခံတွေ အိမ်တံခါးပိတ်နေကြရတယ်လို့ သိရပါတယ်။

ဒေသခံရွာသာတစ်ဦးက “စစ်ကားက ချောင်းဦးဘက်ကနေ လာတာဗျ။ ကားကတော့ စစ်ကားတွေကို ဒီကောင်တွေက မသုံးဘူး။ အရပ်သုံးအိမ်စီးကားတွေနဲ့ သွားတာများတယ်။ ဒီကောင်တွေက ဖြစ်ပြီးပြီးချင်း သေနတ်တွေနဲ့ အသာကုန်ပစ်တော့တာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့ဘက် လာသမျှသူတွေကို စစ်ဆေးတာတွေ နေ့စဉ်ပြုလုပ်နေပြီး ဖမ်းစီးသူခံရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီဘက်က အကျဆုံးများနိုင်ပြီး ပြည်သူ့ကာကွယ်ရေးဘက်က အကျဆုံးမရှိဘူးလို့‌ ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့က ပြောဆိုထားပြီး ဒီဗွီဘီအနေနဲ့ နှစ်ဖက် ထိခိုက်ကျဆုံးစာရင်းကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

မုံရွာ-စစ်ကိုင်းသွားကားလမ်းပိုင်းကို ဇန်နဝါရီ ၂၀ ရက်နေ့ည ၈ နာရီကနေ ဇန်နဝါရီ ၂၁ ရက်နေ့ မနက် ၆ နာရီအထိ ဒေသခံတွေ မသွားလာဖို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က မေတ္တာရပ်ခံစာ ထုတ်ပြန်ထားပါတယ်။

6 mins Ago

January 13, 2022

အရာတော်မြို့နယ်တွင် စစ်ကောင်စီခြေလျင်တပ် မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကြာပင်လှကျေးရွာအနီးမှာ  ဇန်နဝါရီ ၁၃ ရက်မနက် ၈ နာရီခွဲလောက် စစ်ကောင်စီခြေလျင်တပ်ဖွဲ့တွေကို ARA မြောက်ပိုင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးကာ ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ARA မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

“မနက်ပွဲကတော့ အတော်လေးလှတယ်။ စစ်သားတွေ လေပေါ်မြောက်တက်သွားတာကို မြင်လိုက်ရတယ်။ အ ခုအထိအလောင်းတွေမကောက်သေးဘူး” လို့ နယ်မြေခံပြည်သူတော်လှန်ရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ အရာတော်မြောက်နယ်က ကျေးရွာတွေကို ၄ ရက်တိုင် လှည့်ပတ်ပြီး ရှာဖွေရေးလုပ်နေတဲ့ ခြေလျင်စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက် မနက် ၅ နာရီလောက်ကလည်း အရာတော်အရှေ့နယ်၊ ငွေတွင်းကျေးရွာက CDM ကျောင်းဆရာတစ်ဦးရဲ့ နေအိမ်နဲ့ NLD ရပ်ကျေးဥက္ကဌရဲ့ နေအိမ်တို့ကို ဒေသခံပျူစောထီးများက မီးတင်ရှို့သွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

1 week Ago
More News
Up