မိုင်းကိုင်

March 16, 2022

မိုင်းကိုင်တွင် ထော်လာဂျီ တိမ်းမှောက်၊ ဘုရားဖူးသွားသူ ၁၀ ဦးကျော်ဒဏ်ရာရပြီး အဘွားအို ၁ ဦးသေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ထဲမှာ မတ်လ ၁၅ ရက် ညနေပိုင်းက ဘုရားဖူးရွာသားတွေ စီးနင်းလိုက်ပါလာတဲ့ ထော်လာဂျီကားတစီး တိမ်းမှောက်ပြီး လူ ၁၀ ဦးကျော် ဒဏ်ရာရကာ အဘွားအိုတဦး သေဆုံးသွားပါတယ်။
အဆိုပါဘုရားဖူးတွေဟာ မိုင်းကိုင်မြို့နယ် ပန်နင်ကျေးရွာကဖြစ်ပြီး မိုင်းကိုင်မြို့မွေတော် တပေါင်းလပြည့် ဘုရားလာဖူးကြတာဖြစ်ကြောင်း၊ အပြန်ခရီး ကောင်းမူးတန်ကျေးရွာနားမှာ ယာဉ်တိမ်းမှောက်မှုဖြစ်လို့ ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ မိုင်းကိုင်မြို့သားတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့က ပန်နင်ကျေးရွာက ပလောင်တိုင်းရင်းသားတွေပါခင်ဗျ၊ မနေ့က မိုင်းကိုင် မွေတော်ဘုရားဖူးပြီး အပြန် ည‌နေ ၃ နာရီကျော်လောက်မှာ ကားမှောက်သွားတယ်။ ဘာကြောင့်မှောက်သွားလဲတော့ မသိရပါဘူး။ ဒဏ်ရာရတာ ၁၀ ယောက်ကျော်မယ်ထင်တယ်။ ဒဏ်ရာပြင်းထန်တာက ၃ ယောက်။ အဲဒါ သံဃသြဝါဒခံ နာရေးကူညီမှုအသင်းက လွိုင်လင်ဆေးရုံကြီးကို တညလုံး ပို့ပေးလိုက်တယ်။ ၃ ယောက်ထဲမှာ အသက် ၈၀ ကျော်အဘွားတယောက်က ကားပေါ်မရောက်ခင်ကို ဆုံးသွားပါတယ်။”
အဘွားအိုရဲ့ အလောင်းကို ဒီကနေ့ နာရေးအသင်းက ကူညီသင်္ဂြိုဟ်ပေးခဲ့ပြီး ဒဏ်ရာမပြင်းတဲ့ သူတွေကတော့ မိုင်းကိုင်ဆေးရုံမှာ ဆက်ကုနေကြောင်း၊ တချို့ကလည်း ပြင်ပလူနာအနေနဲ့ ဆေးထည့်ပြီး ပြန်သွားကြတယ်လို့ ဆိုပါတယ်။
မိုင်းကိုင်မှာ ရှေးဟောင်း မွေတော်ဘုရားပုထိုးတွေရှိပြီး နှစ်စဉ် တပေါင်းလပြည့်ရောက်တိုင်း ဘုရားပွဲကို စည်ကားစွာ ကျင်းပလေ့ရှိပါတယ်။
မနှစ်နဲ့ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပွဲလမ်းသဘင်တွေနဲ့ စည်စည်ကားကား မကျင်းပပေမယ့် ရွာသားတွေကတော့ အစဉ်အလာမပျက် ဘုရားလာဖူးနေပါတယ်။

11 months Ago

March 14, 2022

ဖမ်းဆီးသတ်ဖြတ်ခံရသည့် TNP ပါတီ မိုင်းကိုင်မြို့နယ်ဥက္ကဋ္ဌ ဦးမိုင်းနုမ်ဟန်အပါအဝင် မိသားစုဝင် ၃ ဦး၏ ဈာပန ကျင်းပ

ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) မိုင်းကိုင်မြို့နယ် ဥက္ကဋ္ဌ မိုင်းနုမ်ဟန် အပါအဝင် မိသားစု ၃ ဦးရဲ့ ဈာပနကို မတ်လ ၁၄ ရက် ဒီကနေ့ ပန်ပွဲကျေးရွာအနီး ပြုလုပ်ခဲ့ပြီး တအောင်းအဖွဲ့အစည်းတွေနဲ့ ဒေသခံ ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။  

အသက် ၃၉ နှစ်အရွယ် ဦးမိုင်းနုမ်ဟန်၊ အသက် ၂၆ အရွယ် ဇနီးဖြစ်သူနဲ့  ၇ လအရွယ် သမီးဖြစ်သူတို့ဟာ ကားတိုက်ခံရပြီး ကွယ်လွန်သွားတဲ့ မိခင်ရဲ့အသုဘမှအပြန် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအထွက် ရှမ်းပြည်တပ်မတော်  RCSS ရဲ့ စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၁၀ ရက်က ဖမ်းဆီးခံခဲ့ရပြီး တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာနဲ့ ၇ မိုင်လောက်ကွာဝေးတဲ့ တောတွင်းရှိ တွင်းကြီးတခုထဲမှာ ပစ်သတ်ခံခဲ့ရတာပါ။ 

သူတို့မိသားစုရဲ့ရုပ်အလောင်းကို သတ်ခံထားရတဲ့ နေရာကနေ ၇ မိုင်လောက် ခက်ခက်ခဲခဲ သယ်ဆောင်လာပြီး ပန်ပွဲကျေးရွာအနီးမှာ ဒီကနေ့ မီးသင်္ဂြိုဟ်လိုက်တာလို့ ပါဝင်ဆောင်ရွက်ပေးနေတဲ့ ဦးမိုင်းဂမိုင်ဂျာက ဒီဗွီဘီကို ပြောပါတယ်။

သူ့ရဲ့ဈာပနပွဲကို တအောင်းအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူ ၁၀၀၀ ကျော် တက်ရောက်ခဲ့ပြီး ဦးမိုင်းနုမ်ဟန်ကို တအောင်းလူမျိုးတွေရဲ့ အာဇာနည်သူရဲကောင်းအဖြစ်  သတ်မှတ် ဂုဏ်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့မိသားစုရဲ့ အာဇာနည်ဗိမာန်ကို သူ့ရဲ့ဇာတိရွာဖြစ်တဲ့ မတ်ချိနုကျေးရွာအနီးမှာ ပြုလုပ်ဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

ဦးမိုင်းနုမ်ဟန်ဟာ တအောင်းလူထုအရေး၊ တအောင်းအမျိုးသားပါတီအရေးကို တက်တက်ကြွကြွ လုပ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

မိုင်းနုမ်ဟန်တို့ မိသားစုလိုက် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့အပေါ် တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ (TPCC)၊ တတအာင်းအမျိုးသမီးအဖွဲ့ အစည်း(TWO)၊ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့(TSYU) အပါအဝင် အဖွဲ့အစည်းတွေကလည်း ဝမ်းနည်းကြောင်း ကြေညာထားပါတယ်။ 

မိုင်းနုမ်ဟန်လို တအာင်းတိုင်းရင်းသားစံပြလူငယ်ခေါင်းဆာင်တဦး ကွယ်လွန်သွားတာဟာ  တအာင်းလူမျိုးတွေအတွက် ကြီးမားတဲ့ဆုံးရှုံးနစ်နစ်မှုတခုဖြစ်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့ ပြစ်မှုကျူးလွန်သူတွေကို ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။ 

11 months Ago
More News
Up