မိတ္ထီလာထောင်

October 19, 2021

မိတ္ထီလာထောင်မှ လွတ်မြောက်လာသူ ၃၈ ဦးအနက် ၁၁ ဦး ပြန်အဖမ်းခံရ

မန္တလေးတိုင်း မိတ္ထီလာမြို့အကျဉ်းထောင်မှ အောက်တိုဘာလ ၁၈ ရက်နေ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာသူ ၃၈ ဦးထဲက ၁၁ ဦးကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ပြီး ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ ဖမ်းဆီးခံမိသားစုဝင်တစ်ဦးက ပြောပါတယ်။

"မလွှတ်ဖူးဆိုလည်း အစကတည်းက မလွှတ်ဖူးပေါ့။ အခုတော့ လွှတ်ပြီးမှ ပြန်ဖမ်းပြီး အချုပ်ထဲပြန်ထည့်တယ်၊ မိသားစုတွေလည်း တွေ့ခွင့်မပေးတော့ဘူး။ စောင့်နေရတဲ့ မိသားစုရော၊ ထောင်ထဲက လွတ်လာတဲ့သူရော ဝမ်းနည်းပက်လက် ဖြစ်ရတယ် တော်တော်ခံစားရတယ်" လို့ ပြောပါတယ်။

တပ်မတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီးအမှုဖွင့်ပြီး မိတ္ထီလာအကျဉ်းထောင်မှာ ထောင်ချခံရသူ အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ လွှတ်ပေးတဲ့အထဲ ပါဝင်ခဲ့တာပါ။

ဒါပေမယ့် မိတ္ထီလာမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မောင်မောင်၊ သာစည်မြို့က အရပ်ဖက်လူမှုအဖွဲ့အစည်းလုပ်နေတဲ့ မလေးလေးနိုင် အပါအဝင် ၁၁ ဦးကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က) ၅၂ (ည) တို့နဲ့ အမှုဖွင့်ပြီး ပြန်လည်ဖမ်းဆီးလိုက်တာပါ။

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချပြီးသား အကျဉ်းသား ၁၃၁၆ ဦးနဲ့  တရားစွဲခံထားရသူ အယောက် ၄၃၂၀ ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် အခုလို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတာပါ။

1 year Ago

August 7, 2021

မိတ္ထီလာထောင်က ဗကသကျောင်းသား ၄ ဦးကို ထောင်ဒဏ် ၁ လစီထပ်တိုး

မိတ္ထီလာအကျဉ်းထောင်မှာ ထောင်ဒဏ်ချမှခံထားရတဲ့ ဗကသကျောင်းသား ၄ ဦးဟာ ထောင်တွင်း ဆန္ဒပြဖို့  စည်းရုံးတာကြောင့် ဩဂုတ် ၆ ရက်မှာ ထောင်ဒဏ် ၁ လစီ ပြစ်ဒဏ် ထပ်တိုးလိုက်တယ်လို့ မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဆီက သိရပါတယ်။ 

အာဏာမသိမ်းခင်ကာလ မိတ္ထီလာမှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ဦးဆောင်ပြုလုပ်ခဲ့မှုတွေကြောင့် အဖမ်းခံလိုက်ရတဲ့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ကိုသန်းတိုးအောင်၊ ကိုဆန်းလင်းကို၊ ကိုအောင်သူဟိန်း နဲ့ ကိုနေရဲစိုးတို့ဟာ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။  

​ ရခိုင်အရေးလှုပ်ရှားမှုတွေကြောင့် ကိုသန်းတိုးအောင်၊ ကိုဆန်းလင်းကိုနဲ့ ကိုအောင်သူဟိန်း တို့ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်ကတည်းက ဖမ်းဆီးသွားခဲ့ပြီး ကိုနေရဲစိုးကိုတော့ ဖက်ဆစ်စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ  ဖမ်းဆီး လိုက်တာ ဖြစ်ပါတယ်။ 

မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)  ဒုဥက္ကဋ္ဌ  ကိုအောင်စွမ်းပြည့်ထွန်းက “မတရားမှုက ရှိနေသမျှ တော်လှန်ရေးက ရှိနေမှာပဲ။ ကျနော်တို့ ရဲဘော်တွေက ထောင်ကျနေတာတောင် ခိုင်မာတဲ့ စိတ်ဓာတ်မျိုးနဲ့ တော်လှန်နေတာ တွေ့ရလို့ ဝမ်းသာမိပါတယ်။ လူကိုသာ သတ်လို့ရမယ် တော်လှန်တဲ့စိတ်ဓာတ်ကို သတ်လို့မရဘူး။ ဒါ့ကြောင့် ထောင်ကျနေတဲ့ ရဲဘော်တွေနဲ့အတူတူ အပြင်မှာရှိတဲ့ ရဲဘော်တွေအားလုံး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ  ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုပါတယ်” လို့ ပြောပါတယ်။

ကိုသန်းတိုးအောင်နဲ့ ကိုအောင်သူဟိန်းဟာ မိတ္ထီလာတက္ကသိုလ် ဘူမိဗေဒ တတိယနှစ်၊ ကိုဆန်းလင်းကိုဟာ သမိုင်းအဝေးသင် ပထမနှစ်၊ ကိုနေရဲစိုးဟာ အဂ်လိပ်စာ တတိယနှစ် ကျောင်းသားတွေ ဖြစ်ကြပါတယ်။

2 years Ago
Up