မာလာဂါအသင်းနည်းပြ

January 9, 2020

ညစ်ညမ်းဗွီဒီယိုထွက်ပေါ်လာသဖြင့် မာလာဂါအသင်းနည်းပြ ဆန်းချက်ဇ်ကို ရာထူးမှရပ်ဆိုင်း

လိင်ပိုင်းဆိုင်ရာကိစ္စတွေပါဝင်နေတဲ့ ဗွီဒီယိုဖိုင်တခု လူမှုကွန်ရက်မှာ ပေါ်ထွက်ခဲ့ပြီးတဲ့ နောက် မာလာဂါအသင်းဟာ နည်းပြဖြစ်သူ ဗစ်တာဆန်းချက်ဇ်ကို ရာထူးကနေ ရပ်ဆိုင်းခဲ့ပါတယ်။  အသက် ၄၃ နှစ်အရွယ် ဆန်းချက်ဇ်ရဲ့ညစ်ညမ်းဗီဒီယိုဖိုင်ဟာ မကြာသေးခင်က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာဖြစ်ပြီး မာလာဂါအသင်းဘက်ကတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။  ဆန်းချက်ဇ်ကလာ သူဟာ ဒီဗွီဒီယိုဖိုင်နဲ့ခြိမ်းခြောက်ငွေညှစ်ခံနေရတယ်လို့ တွစ်တာမှာ ထုတ်ဖော်ရေးသားထားပါတယ်။  “ကျနော်ရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်ခံရပြီးတော့ ခြိမ်းခြောက်ငွေညှစ်နေတဲ့ ရာဇဝတ်မှုတခုနဲ့ ရင်ဆိုင်နေရပါတယ်။ အခုဒီကိစ္စကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီးတော့ ကျနော့် အနေနဲ့ ရဲတပ်ဖွဲ့ရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူတဦးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို အဲ့ဒီလူရဲ့သဘောတူညီချက်မပါဘဲ လူမှုကွန်ရက်၊ မက်ဆေ့ချ် ဒါမှမဟုတ် တခြားပုံစံတွေနဲ့ ဝေမျှနေခြင်းဟာ ရာဇဝတ်မှုပါပဲ။ ကျနော့်‌အပေါ် နားလည်ထောက်ခံ ပေးတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်” လို့ သူ့တွစ်တာပို့စ်မှာ ပါဝင်ပါတယ်။  တချိန်က စပိန်လာလီဂါမှာ ထင်ရှားခဲ့တဲ့ မာလာဂါအသင်းဟာ လက်ရှိအချိန်မှာ စပိန်ဒုတိယတန်းပြိုင်ပွဲ ဆီဂန်ဒါရဲ့အဆင့် ၁၆ နေရာကို ရောက်ရှိနေပါတယ်။  မကြာသေးခင်က ထွက်ပေါ်လာခဲ့ပြီး အခုချိန်ထိ ဖြေရှင်းလို့မပြီးသေးတဲ့ ကိစ္စနဲ့ပတ် သက်ပြီး မာလာဂါဘောလုံးအသင်းဟာ နည်းပြ ဗစ်တာဆန်းချက်ဇ်  ဒဲလ်အေမိုကို ဒီကိစ္စတွေအားလုံး စုံစမ်းစစ်ဆေးပြီးစီသည့်အချိန်အထိရာထူးကနေ ရပ်နားလိုက်ပါတယ်။ ဒီကိစ္စကို ဖော်ထုတ်ပြီးစီးချိန်မှာ အားလုံးကို ထုတ်ပြန်ကြေညာပေးသွားပါမယ်လို့လည်း မာလာဂါ အသင်းဘက်က ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုထားပါတယ်။  မာလာဂါအသင်းပိုင်ရှင်ဖြစ်သူ အဗ္ဗဒဲလ်အယ်သာနီကလည်း “ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီး အပြစ်ရှိ တယ်လို့ ဝန်ခံစမ်းပါ” လို့ သူ့ရဲ့တွစ်တာမှာရေးသားထားခဲ့ပြီး ဒါဟာဆန်းချက်ဇ်ရဲ့ဖြစ်ရပ်အပေါ် သိသိသာသာရည်ညွှန်းပြောဆိုမှုလည်း ဖြစ်ပါတယ်။ 
1 year Ago
Up