မာဒူရို

July 12, 2019

ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကြိတ်အနယ်ဖြစ်

ဗင်နီဇွဲလားအစိုးရနဲ့ အတိုက်အခံအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အကြိတ်အနယ် ဖြစ်နေတယ်လို့ သမ္မတ နီကိုးလပ်စ် မာဒူရိုက ဇူလိုင် ၁၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ နော်ဝေနိုင်ငံက ကျောထောက်နောက်ခံပေးတဲ့ အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုင်ငံမြောက်ပိုင်းက မီရန်ဒါပြည်နယ်မှာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တာပါ။ ဗင်နီဇွဲလားရဲ့ နိုင်ငံရေး အကျပ်အတည်း အဆုံးသတ်ဖို့ ဒီအစည်းအဝေးကို ပြုလုပ်တာလို့ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ အမြဲတမ်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်း တည်ဆောက်ဖို့ အစိုးရနဲ့ အတိုက်အခံအကြား သဘောတူခဲ့တယ်လို့ အစိုးရကိုယ်စားလှယ် အက်တာ ရော်ဒရီဂတ်က ပွဲတက်ရောက်လာသူတွေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် အတိုက်အခံဘက်က တောင်းဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောခဲ့ပါဘူး။ လက်ရှိမှာ ဗင်နီဇွဲလားနိုင်ငံဟာ စီးပွားရေး အကျပ်အတည်းကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်း ပြတ်လပ်နေပြီး နိုင်ငံသား လေးသန်းကျော်ဟာလည်း ပြည်ပနိုင်ငံတွေကို ထွက်ပြေးခဲ့ကြပါတယ်။ ဗင်နီဇွဲလားသမ္မတ မာဒူရိုက အခုလို ဆိုးရွားတဲ့ အခြေအနေတွေဟာ သူ့ကို ရာထူးက ဖြုတ်ချဖို့ ကြိုးစားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှု ရလဒ်တွေကြောင့်လို့ ပြောခဲ့ပါတယ်။ အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်က ဒိုမီနီကန်နိုင်ငံမှာ ပြုလုပ်တဲ့ မအောင်မြင်တဲ့ ဆွေးနွေးပွဲလိုမျိုး အဆုံးသတ်ခွင့် မပြုနိုင်ဘူးလို့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုက ပြောပါတယ်။ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို ဗင်နီဇွဲလားရဲ့ တရားဝင်ခေါင်းဆောင်အဖြစ် နိုင်ငံပေါင်း ၅၀ ကျော်က အသိအမှတ် ပြုထားပါတယ်။
2 years Ago

May 22, 2019

ဗင်နီဇွဲလား အမျိုးသားလွှတ်တော်အတွက် ရွေးကောက်ပွဲ စောကျင်းပရန် သမ္မတ အဆိုပြု

ဗင်နီဇွဲလား အတိုက်အခံကြီးစိုးတဲ့ အမျိုးသားလွှတ်တော်အတွက် ရွေးကောက်ပွဲတွေ စောစောကျင်းပဖို့ သမ္မတ နီကိုးလပ်စ် မာဒူရိုက မေလ ၂၀ ရက်နေ့မှာ အဆိုပြုလိုက်ပါတယ်။ အဲဒီလွှတ်တော်ကို အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုက ဦးဆောင်ပြီး အနောက်နိုင်ငံအများစုက ဒီမိုကရေစီနည်းလမ်းတကျ တရားဝင် အသိအမှတ်ပြုထားတဲ့ တခုတည်းသော အဖွဲ့အစည်း ဖြစ်ပါတယ်။ သမ္မတ မာဒူရိုက “ပြီးခဲ့တဲ့ ၅ နှစ်မှာ တရားဝင် မပြုလုပ်ရသေးတဲ့ တခုတည်းသော အဖွဲ့အစည်းကို တရားဝင်အောင် လုပ်သွားမယ်။ ဘယ်သူဟာ ပြည်သူ့ထောက်ခံမှုကို ရသလဲ၊ ဘယ်သူအနိုင်ရသလဲ ကြည့်သွားမယ်” လို့ ပြောခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က အမျိုးသားလွှတ်တော်မှာ အတိုက်အခံက အမတ်နေရာအများစု ရခဲ့ပြီး လာမယ့် လွှတ်တော်ရွေးကောက်ပွဲတွေကို ၂၀၂၀ နှောင်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ သမ္မတ မာဒူရိုက ရွေးကောက်ပွဲကျင်းပမယ့်ရက်စွဲ အတိအကျကို မပြောဘဲ ခါတိုင်းထက် စောကျင်းပမယ်လို့ အရင်က ပြောထားပါတယ်။ သမ္မတ မာဒူရိုကို ထောက်ခံသူများတဲ့ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ လွှတ်တော်ကလည်း သူ့ရဲ့ အခွင့်အာဏာကို ၂၀၂၀ နှစ်ကုန်အထိ သက်တမ်းတိုးလိုက်တယ်လို့ အကြီးအကဲ ဒီယိုဆာဒိုက မေလ ၂၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ လွှတ်တော်ကို ၂၀၁၇ ခုနှစ်က တည်ထောင်ခဲ့ပြီး သူ့မှာ အတိုက်အခံ ဦးဆောင်တဲ့ လွှတ်တော်ကို အစားထိုးနိုင်တဲ့ ဥပဒေ ပြဋ္ဌာန်းခွင့် အမိန့်အာဏာ ရှိပါတယ်။ ဗင်နီဇွဲလား အတိုက်အခံတွေကတော့ အဲဒီလွှတ်တော်ဟာ ဖွဲ့စည်းပုံဥပဒေနဲ့ မညီဘဲ ဒီမိုကရေစီနည်းလမ်း မကျဘူးလို့ ပြောပါတယ်။ သမ္မတ မာဒူရိုကတော့ အဲဒီလွှတ်တော်ဟာ တကွဲတပြားဖြစ်နေတဲ့ နိုင်ငံကို ငြိမ်းချမ်းစေမယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ လွှတ်တော် ဖွဲ့စည်းရေး ကြိုးပမ်းနေပါတယ်။
2 years Ago
More News
Up