မဟာအောင်မြေကျောက်ဝိုင်း

June 21, 2020

မဟာအောင်မြေကျောက်ဝိုင်း ၃ လခန့်ပိတ်ထားသဖြင့် ကျောက်သမားများ စားဝတ်နေရေးထိခိုက်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းကို ကိုဗစ်-၁၉ ကာလ ကျောက်ဝိုင်းပိတ်တာ ရက်ရှည်လာတဲ့အတွက် စားဝတ်နေရေး ထိခိုက်လာနေတယ်လို့ ကျောက်သမားတွေက ပြောပါတယ်။ အခုဆိုရင် ကျောက်ဝိုင်းပတ်ဝန်းကျင်မှာ လူစုလူဝေးနဲ့ အရောင်းအဝယ်လုပ်တာတွေရှိနေပြီး ကျောက်ဝိုင်းကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့ ကျောက်သမားတွေက လိုလားနေကြတာပါ။ ၁ ရက်ကို လူဦးရေ သောင်းချီ အဝင်အထွက်ရှိတဲ့ ကျောက်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတာကြောင့် မတ်လ ၂၄ ရက်နေ့က စတင်ပြီး ယာယီပိတ်ခဲ့တာဟာ အခုဆိုရင် ၃ လ နီးပါးရှိပြီဖြစ်ပါတယ်။  လူတအားများတဲ့အတွက် လူနည်းသွားအောင်  ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီအနေနဲ့ အဆိုင်းလိုက်လုပ်မယ့် စီမံချက်ကို တင်ခိုင်းထားကာ စစ်ဆေးတဲ့အဖွဲ့နဲ့ စစ်ဆေးပြီး စိတ်ချရတဲ့အခါ ပြန်ဖွင့်ပေးသွားမယ်လို့ တိုင်းအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။   ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီအနေနဲ့ ကျောက်ဝိုင်းပြန်ဖွင့်ရဖို့အတွက်  တိုင်းအစိုးရအဖွဲ့နဲ့ မြို့တော်ဝန်ဆီကို တင်ပြတာ နှစ်ကြိမ်ထိရှိပြီ ဖြစ်ပေမယ့် ဖွင့်ခွင့်မရသေးဘူးလို့ ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။ အစိုးရက ကျောက်ဝိုင်းပြန်ဖွင့်ခွင့်ပေးလိုက်တဲ့အချိန်မှာ အဆင်သင့်အနေအထားနဲ့ စနစ်တကျစိစစ်နိုင်ဖို့ ကျောက်သမားတွေကို ကျောက်ဝိုင်းဝင်ခွင့်ကတ်တွေ လုပ်ပေးတာ၊ ကျန်းမာရေးဝန်ထမ်းတွေ ငှားတာ စတာတွေကို လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။
11 months Ago

June 1, 2020

မန္တလေး မဟာအောင်မြေကျောက်ဝိုင်း ဇွန်လလယ်ထိ ဆက်ပိတ်ထားရန် တိုင်းအစိုးရ ညွှန်ကြား

တစ်နေ့ကို လူဦးရေ သောင်းချီ အဝင်အထွက်ရှိတဲ့ မန္တလေး မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းကို ဇွန်လလယ်ထိ ပိတ်ထားဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။  မန္တလေးမြို့က ကျောက်ဝိုင်းကို ဇွန်လ ၆ ရက်နေ့ ဖွင့်ခွင့်ရဖို့ ကျောက်ဝိုင်း အကျိုးတော်ဆောင်အဖွဲ့က  တိုင်းအစိုးရအဖွဲ့ နဲ့ မြို့တော်ဝန်စီကို တင်ပြထားတာပါ။  ဒီလိုတင်ပြထားပေမယ့် ကိုဗစ်-၁၉ ရောဂါကူးစပ်ပြန့်ပွားမှုမဖြစ်စေဖို့အတွက် ဇွန် ၁၅ ရက်နေ့အထိ ယာယီပိတ်ထားဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကစာထုတ်ခဲ့ပါတယ်။  ကျောက်ဝိုင်းကို ယာယီကန့်သတ်ထားဦးမှာဖြစ်ပြီး ကျောက်ဝိုင်းအကျိုးတော်ဆောင်အဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင်တာတွေ လုပ်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး  ဦးဇာနည်အောင်က ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတာကြောင့် မတ်လ ၂၄ ရက်နေ့က စတင်ကာ ယာယီ ပိတ်လိုက်တာဖြစ်ပြီး ကျောက်ဝိုင်းပြန်ဖွင့်ရင် စနစ်တကျစိစစ်နိုင်ဖို့ ကျောက်သမားတွေကို မေလ ၂၉ ရက်နေ့က စပြီး ကျောက်ဝိုင်းဝင်ခွင်ကတ်တွေ လုပ်ပေးနေပါတယ်။ ကျောက်ဝိုင်း ပိတ်ရက်ကြာလာပြီး စားဝတ်နေရေး စီးပွားရေး ထိလိုက်လာတာတွေကြောင့် ကျောက်သမားတွေအနေနဲ့ နေအိမ်တွေ၊ ကျောက်ဝိုင်းအနီးက လမ်းတွေမှာ ပျံကျပုံစံရောင်းဝယ်တာတွေ လုပ်နေကြပြီး ဒီလိုရောင်းဝယ်နေကြတာဟာ အန္တရာယ်များတယ်လို့ ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီ တာဝန်ရှိသူ  ဦးကျော်ဦးက ပြောပါတယ်။ ကျောက်ဝိုင်းမှာ ပျံကျတန်း၊ အပွင့်တန်း၊ လက်ကောက်တန်း၊ လွှာချပ်တန်း ဆိုပြီးရှိကာ  အတွင်းဆိုင်ခန်းပေါင်း ၁ ထောင်ကျော်နဲ့ အပြင်ပျံကျဆိုင်ခန်းပေါင်း ၆၀၀ ကျော်ရှိပါတယ်။ နိုင်လင်းဦး
12 months Ago
Up